MFP ၊ အောက်တိုဘာ - ၃၁
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ အောက်တိုဘာ (၃၁) ရက် မနက် (၁၀) နာရီခွဲက လျှက်ဆားပုလင်း ပစ်ကျွေးခဲ့ရာ ရပ်ကွက်အုပ်ကြီး အပါအဝင် နှစ်ယောက် သေပြီး ငါးယောက် ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေး အင်အားစုတွေက သတင်း ထုတ်ပြန်ပါတယ်။
ပြည်ကြီးတံခွန်မြို့သစ်၊ (၅၈)လမ်းနဲ့ (၁၂၃) လမ်းထောင့်က (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Anonymous Force MDY၊ Mandalay Youngs Force - MYF နဲ့ Truth Keeping Force - AMA တို့ ပူးပေါင်းပြီး လျှက်ဆားပုလင်း (လက်ပစ်ဗုံး)နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အာချောင် ရင်ကြပ်နေတဲ့ အုပ်ကြီးများ ရင်ချောင်အောင် လျက်ဆားပုလင်းရှိတယ်နော" လို့ Truth Keeping Force -Amarapura က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စကစ တစ်ယောက် သေကာ စကစ ငါးယောက် ဒဏ်ရာရပြီး အုပ်ချုပ်ရေးမှူးရုံးထဲကို လူနာတင်ကားတွေ ခေါက်တုံခေါက်ပြန် ဝင်ရောက်ကာ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို MFP အနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုနဲ့ အဝေးမှာ နေကြဖို့လည်း တော်လှန်ရေး အင်အားစုတွေက တောင်းဆိုထားပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်ရုံးဟာ ယခင်ကတည်း နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #စရပ်ကွက်ရုံး #ဗုံးထုခံရ