အာဏာသိမ်းပြီးနောက် စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့ဟာ တိုက်ခိုက်မှုအများဆုံးဖြစ်ပွါးနေတဲ့ဒေသတွေလို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းပြီးနောက် စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့ဟာ တိုက်ခိုက်မှုအများဆုံးဖြစ်ပွါးနေတဲ့ဒေသတွေလို့ မင်းအောင်လှိုင် ပြော

MFP ၊ ဩဂုတ် - ၁

ရွေးကောက်ပွဲအကြောင်းပြကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် တစ်နှစ်ခွဲ(၁၈ လ)ကြာတဲ့အခါ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ဟာ တိုက်ခိုက်မှုအများဆုံး ဖြစ်ပွါးနေတဲ့ဒေသတွေလို့ မင်းအောင်လှိုင်က ပြောဆိုပါတယ်။

မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ကာ/လုံအစည်းအဝေးနဲ့ ဒီနေ့ ထုတ်လွှင့်တဲ့ ပြောကြားချက်တွေမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ (၄,၀၂၆)ကြိမ်၊ ရန်ကုန်တိုင်းမှာ (၂,၄၄၂) ကြိမ်၊ မန္တလေးတိုင်းမှာ (၂,၁၉၄) ကြိမ်နဲ့ မကွေးတိုင်းမှာ (၁,၃၉၅) ကြိမ်တို့ ဖြစ်ပွါးခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ကိုတော့ ထည့်မပြောသွားပါဘူး။

ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ဒေသတွေအတွက် မူလအခြေအနေအတိုင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ ရရှိအောင် လုပ်ဆောင်သွားမယ်လို့လည်း မင်းအောင်လှိုင်က ပြောဆိုပါတယ်။

အာဏာသိမ်းပြီး (၁၈)လအတွင်းမှာ တစ်နိုင်ငံလုံးအနေနဲ့ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာ (၇,၂၄၆) ကြိမ်၊ တိုက်ခိုက်၊သ-တ်ဖြ-တ်ခံရတာ (၆,၅၆၇) ကြိမ်နဲ့ မီးရှို့ခံရတာ (၁,၀၉၄) ကြိမ်၊ စုစုပေါင်း (၁၄,၉၀၇) ကြိမ် ဖြစ်ပွါးခဲ့ကာ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က လုပ်ဆောင်တာလို့ မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်ကနေ ၂၀၂၂ ခုနှစ် မေလ (၃၁)ရက်အတွင်း စစ်အုပ်စုဘက်က မီးရှို့ခဲ့တဲ့အတွက် ပျက်စီးသွားတဲ့ လူနေအိမ်ခြေ ခန့်မှန်း (၁၈,၈၈၆)လုံး ရှိကာ နေရာပေါင်း (၄၃၅)နေရာမှာ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ အချက်အလက်တွေ စုစည်းဖော်ပြနေတဲ့ Data For Myanmar က ဇွန်လအတွင်း ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းအောင်လှိုင် #မီးရှို့ဖျက်ဆီး #အာဏာသိမ်း #တိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ