ပုလဲနယ်ထဲ စစ်အုပ်စုက ရဟတ်ယဉ်တွေနဲ့ ဆက်လက် စီးနင်း ပစ်ခတ်နေ၊ ပုလဲနယ် ဖလံပင်ရွာအနီးမှာ စုစုပေါင်း (၁၅)လောင်း ရရှိထားဟု စစ်အုပ်စု သတင်းဖြန့်၊

ပုလဲနယ်ထဲ စစ်အုပ်စုက ရဟတ်ယဉ်တွေနဲ့ ဆက်လက် စီးနင်း ပစ်ခတ်နေ၊ ပုလဲနယ် ဖလံပင်ရွာအနီးမှာ စုစုပေါင်း (၁၅)လောင်း ရရှိထားဟု စစ်အုပ်စု သတင်းဖြန့်၊

MFP ၊ အောက်တိုဘာ - ၂၇

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဖလံပင်ကျေးရွာထဲ ရဟတ်ယာဉ် ငါးစီးနဲ့ စီးနင်းပစ်ခတ်ပြီး အင်အား (၁၀၀)ကျော်နဲ့ ရွာစဉ်ပတ်မွှေ စီးနင်းမီးရှို့နေတဲ့ စစ်အုပ်စုက ဒီမနက်ပိုင်းမှာလည်း စစ်ရဟတ်ယာဉ်တွေနဲ့ ထပ်မံ လာရောက် ပစ်ခတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၇)ရက် မနက်(၁၀)နာရီကျော်မှာ ပုလဲမြို့နယ် ဖလံပင်၊ နွယ်အင်း၊ ယောအိုင်း စတဲ့ ရွာတွေဘက် (Mi-35)အမျိုးအစား စစ်ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ်နေတာလို့ ဆိုပါတယ်။

"နောက်ထပ် ဖိုက်တာတစ်စီး ထပ်တက်လာနေပါတယ်။ ပုလဲမြို့နယ် နွယ်အင်းရွာ အနီးနှင့် ဖလန်ပင် ၊ ယောအိုင်း(မ)ရွာ ပတ်ပတ်လည်ကို fighter (စစ်ရဟတ်ယာဉ်)တစ်စီးဖြင့် ရမ်းသမ်းပစ်ခတ်နေပါတယ်။ (နောက်ထပ် fighter တစ်စီး ထပ်တက်လာနေ) အနီးနားရှိ ကျေးရွားများမှ ပြည်သူများနှင့်တော်လှန်ရေး အင်အားစုများ အထူးဂရုစိုက် ရှောင်ရှားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" လို့ ပုလဲ တပ်ရင်း(၁)၊ Royal Eagle PDF က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက ပုလဲနယ် အနောက်ခြမ်းက ကျေးရွာတွေဘက် အငြိုးတကြီး စစ်ရယာဉ်တွေ ခေါက်တုန့်ခေါက်ပြန်နဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

"မနက်ကတည်းက ပုလဲနယ် အနောက်ဘက်ခြမ်းမှာ ပတ်ဆော်နေတဲ့ (Mi-35) တစ်စီးကတော့ ပြန်ခေါက်သွားပြီ။ ကျည်ကုန်လို့ ပြန်ဖြည့်တာလား မသိဘူး။ အခု ကျန်တဲ့ (Mi-35) တစ်စီးကတော့ ဆက်ဆော်နေတုန်းပဲ ရှိသေးတယ်" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ (၂၅) ရက် နေ့လယ်ပိုင်းကလည်း ပုလဲမြို့နယ် ဖလံပင်ရွာအနီးက ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ ရုံးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရုံးနေရာတွေကို ရဟတ်ယာဉ်ငါးစီးနဲ့ စီးနင်းပစ်ခတ်ခဲ့ပြီး စကစ အင်အား (၁၀၀)ကျော်ချကာ အနီးဝန်းကျင် ရွာတွေထဲ စီးနင်းသောင်းကျန်း အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်တွေနဲ့ ချသွားတဲ့ စကစ အင်အား(၁၀၀)ကျော်ဟာ အောက်တိုဘာ(၂၅)ရက် ညနေပိုင်းကတည်းက ဖလံပင်နှင့် အနီးဝန်းကျင်ရွာတွေထဲ ဝင်မွှေလုယက် မီးရှို့နေတယ်လို့ ပုလဲမြိုကနယ် ပအဖ ဥက္ကဌ က MFP ကို ပြောပါတယ်။

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ မဲမဲမြင်ရာ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အားလုံးက ဝရုန်းသုန်းကား ထွက်ပြေးနေရကြောင်း၊ ဖလံပင်ရွာ အနီးဝန်းကျင် အပါအဝင် ပုလဲနယ်ထဲ စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး ထင်တိုင်းကျဲ စီးနင်းသောင်းကျန်းနေတာကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ပုလဲ ပအဖ ဥက္ကဌနှင့် ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ် ဖလံပင်ရွာအနီး လေကြောင်းက ပစ်ခတ်စီးနင်းပြီး နယ်မြေရှင်းလင်းရာမှာ စုစုပေါင်း PDF အလောင်း (၁၅)လောင်းနှင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိထားတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အောက်တိုဘာ(၂၅)ရက် နေ့လယ်(၁)နာရီက ပုလဲမြိုနယ်၊ ဖလန်ပင်ကျေးရွာအနီး မြောက်ယမားဆည်ရှိ ရိပ်သာတွင် အခြေပြုထားတဲ့ PDF စခန်းကို ရဟတ်ယာဉ်နဲ့ ပစ်ခတ် စီးနင်းမှုမှာ PDF အလောင်း ခုနှစ်လောင်း၊ (MK-2)သေနတ် နှစ်လက်၊ (M-22)သေနတ် တစ်လက်၊ လက်လုပ်သေနတ် (၄၄)လက်၊ (၄၀မမ) လက်လုပ်သေနတ် လေးလက်၊ လက်လုပ်ဗုံးသီး (၄၂)လုံး၊ လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်မိုင်း (၁၀)လုံး၊ တဲ ခြောက်လုံး၊ ကား တစ်စီး၊ ဆိုင်ကယ် တစ်စီးနှင့် ကျည်ဆံတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ(၂၆)ရက် မနေ့က မနက်ပိုင်းမှာ ဖလံပင်ရွာအနီး ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အလောင်း ရှစ်လောင်း၊ လက်လုပ်သေနတ် (၁၃)လက်၊ လက်ပစ်ဗုံး ခြောက်လုံး၊ ကျည်ဘောက် ကိုးဘောက်၊ အီနာဂါဗုံးသီး နှစ်လုံး၊ လက်လုပ်မိုင်း သုံးလုံး၊ ဒီတိုနေတာ (၁၅)ခု၊ ပြောက်ကျားယူနီဖောင်း PDF တံဆိပ်ပါ (၁၇)ထည်၊ တဲ ခုနှစ်လုံးနှင့် ဆိုင်ကယ် သုံးစီး သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ယခု အောက်တိုဘာ(၂၇)ရက် နေ့လည်ပိုင်းအထိ စစ်အုပ်စုက ပုလဲနယ် အနောက်ခြမ်းက ကျေးရွာတွေထဲ ရဟတ်ယာသ်တွေနဲ့ရော မြေပြင်ကပါ ဆက်လက် စီးနင်း သောင်းကျန်းနေဆဲ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #ပအဖ #ပလဖ #အချုပ်ခန်း #ဖလံပင်ရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ