“က”သုံးလုံးခရိုင်နဲ့ တြိဂံမြို့သုံးမြို့ စစ်ဆင်ရေး

“က”သုံးလုံးခရိုင်နဲ့ တြိဂံမြို့သုံးမြို့ စစ်ဆင်ရေး

ရေးသားသူ - သက်တန့် (​MFP)၊ ဆောင်းပါး

ကကြီးသုံးလုံးခရိုင် လို့ ဆိုလိုက်တာနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကသာခရိုင်၊ ကောလင်းခရိုင်နဲ့ ကန့်ဘလူခရိုင် တို့ကို ရည်ညွှန်းကြောင်း နွေဦးတော်လှန်ရေးကာလ အညာရဲ့ ခုခံတော်လှန်စစ်ကို စိတ်ဝင်စားသူတိုင်းက သိရှိ သဘောပေါက် ကြပါတယ်။

အဲဒီ ကကြီးသုံးလုံး ခရိုင်တွေထဲက ကသာခရိုင်မှာ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်၊ ကောလင်းခရိုင်မှာ ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူး၊ ကန့်ဘလူခရိုင်မှာ ကန့်ဘလူနဲ့ ကျွန်းလှ မြို့နယ်တွေ ပါဝင်ပါတယ်။

ကကြီးသုံးလုံးခရိုင်ထဲက မြို့နယ်တွေဟာ ကချင်ပြည်နယ်နဲ့လည်း ထိစပ်နေပြီး လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

ကသာခရိုင်၊ အင်းတော်မြို့ကို ဩဂုတ်လ(၁၆)ရက်က စတင်ပြီး တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသလို ထီးချိုင့်မြို့ကိုလည်း ဩဂုတ်လ(၂၁)ရက်က စတင်ပြီး တကျော့ပြန် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ နေပါတယ်။

ဒါ့အပြင် ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို ဩဂုတ်လ(၁၅)ရက်က စပြီး တော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေသလို ကန့်ဘလူမြို့နယ်အတွင်းက ပျူစောထီး စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နဲ့အတူ ကကြီးသုံးလုံး ခရိုင်ထဲ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုရမှာပါ။

လက်ရှိ ဖြစ်ပွားနေတဲ့ ကကြီးသုံးလုံးခရိုင် တိုက်ပွဲတွေဟာ ကကြီးသုံးလုံး ဧရိယာ တစ်ခုလုံးကို တော်လှန်ရေး တပ်တွေက လွှမ်းမိုး ထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်ပြီး အဲ့ဒီလောက်နဲ့ ရပ်မသွားဘဲ အညာကိုပါ စိုးမိုးထိန်းချုပ်ဖို့ တော်လှန်ရေး တပ်တွေက ဆက်လက် ကြိုးစားလာဖွယ်ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ပါတယ်။

အင်းတော်ရော၊ ပင်လည်ဘူးရော၊ ထီးချိုင့်ရော အဲဒီသုံးမြို့လုံး ကျနော်တို့ ကြိုးစားနေဆဲ ဟုတ်တယ်” လို့ လက်ရှိ စစ်ရေး ဖော်ဆောင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အမှတ်(၁)စစ်ဒေသERO (တိုင်းရင်းသား တော်လှန်ရေး အဖွဲ့) ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ကကြီးသုံးလုံး ဒေသဝန်းကျင်က ထိန်းချုပ်နယ်မြေတွေ”

မြန်မာပြည် အလယ်ပိုင်းကနေ ကချင်ပြည်နယ်ထဲကို ဝင်ရောက်နိုင်တဲ့ ကုန်းလမ်း၊ ရေလမ်း သုံးခု ရှိပြီး မန္တလေး-ဗန်းမော် ကားလမ်း၊ ရွှေဘို - မြစ်ကြီးနား ကားလမ်းနဲ့ ရထားလမ်း၊ ဧရာဝတီမြစ်ကြောင်း ရေလမ်းတို့ ဖြစ်ပါတယ်။

မန္တလေး-ဗန်းမော် လမ်းဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ လမ်းကြောဖြစ်ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း-တကောင်း-ထီးချိုင့် ကနေ ရွှေကူ-ဗန်းမော်အထိ ပေါက်ပါတယ်။ ဒါက မန္တလေးတိုင်း မြောက် ခြမ်းကနေ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အထိ တဆက်တည်း ဖြစ်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

ရွှေဘို-မြစ်ကြီးနား ကားလမ်းကတော့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး (၂၉၁)မိုင် ရှည်လျားပါတယ်။ အဲ့ဒီလမ်းဟာ ရွှေဘို-ခင်ဦး-ကန့်ဘလူ-ကောလင်း-ထီးချိုင့်-အင်းတော်-နဘား-မော်လူး စတဲ့ စစ်ကိုင်းတိုင်း မြောက်ခြမ်းကနေ နန့်စီအောင် - မော်ဟန် - မိုးညှင်း - မိုးကောင်းကနေ မြစ်ကြီးနားမြို့ထဲအထိ တိုးလျိုပေါက် ရောက်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

အဲ့ဒီ လမ်းကြောင်းနှစ်သွယ်ကို ဧရာဝတီမြစ်ကူတံတား (ထီးချိုင့်)က ဆက်သွယ် ပေးထားပါတယ်။ ဒါကြောင့် ထီး ချိုင့်မြို့ရဲ့ တည်နေရာဟာ မြစ်အရှေ့ဘက်က မန္တလေး-ဗန်းမော်လမ်းနဲ့ မြစ်အနောက်ဘက်က ရွှေဘို-မြစ်ကြီးနား လမ်းပေါ် ခွထိုင်ထားသလို ဖြစ်ပြီး မြစ်ကူးတံတားလည်း ရှိတာကြောင့် အင်္ဂလိပ်အက္ခရာ (H) ပုံသဏ္ဌာန် အနေအထား ဖြစ်ပါတယ်။

ထီးချိုင်းအရှေ့ဘက်ကမ်း ဧရာဝတီမြစ်ကူးတံတားကနေ တစ်မိုင်လောက် ကျော်လိုက်တာနဲ့ မန္တလေး - ဗန်းမော် လမ်းပေါ် ရောက်ရှိပြီး အဲဒီလမ်းတကြောမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ မန်းမြောက်ဒေသ (မန္တလေးတိုင်း မြောက်ပိုင်း)ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

402620877_321591470583207_4030622851716717087_n.jpg

ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားစဉ်အတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ နေအိမ်တွေ မီးလောင်နေစဉ်/Photo - CJ

လက်ရှိမှာ ထီးချိုင့်မြို့အနီးက တကောင်းမြို့ကို တော်လှန်ရေးတပ်တွေက အခု ဩဂုတ်လအတွင်း သိမ်းပိုက် ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မိုးမိတ်၊ မဘိမ်း၊ မိုးကုတ်၊ စဉ့်ကူး စတဲ့ မန္တလေးတိုင်း မြောက်ပိုင်း (မန်းမြောက်)နဲ့ ရှမ်းပြည်မြောက်ပိုင်း (ရှမ်းမြောက်)က မြို့တွေကိုလည်း လက်ရှိ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဟန်ချက်ညီ စစ်ဆင်ရေး ဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးမှာ တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသ တစ်ခုလုံးနီးပါးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားပြီး မန်းမြောက်မှာလည်း မတ္တရာနဲ့ သပိတ်ကျင်း မြို့တွေကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY-PDF)၊ မိုးကုတ်ဗျူဟာ အပါအဝင် PDF တပ်ရင်းတပ်ဖွဲ့တွေက တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းကာ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

အဲဒီအတွက် မြစ်ကူးတံတားလည်း တည်ရှိတဲ့ ထီးချိုင့်မြို့ကို ရရှိပါက ရှမ်းမြောက်၊ မန်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် ဒေသတစ်ခုလုံး စစ်ရေးနယ်မြေ တဆက်တစပ်တည်း ဖြစ်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လွတ်လွတ်လပ်လပ် စစ်ရေးလှုပ်ရှားခွင့် ရမှာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေး လှိုင်းလုံးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း ကကြီးသုံးလုံး ဒေသထဲက ပင်လည်ဘူး၊ အင်းတော်နဲ့ ထီးချိုင့်မြို့ တွေကို လှမ့်ဝင်လာခဲ့တာ ဖြစ်တယ်လို့ ပင်လည်ဘူးမြို့နယ် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကသုံးလုံး စစ်ဆင်ရေးဟာ လက်ရှိ တိုက်ပွဲဖော်နေတဲ့ မြို့တွေကို သိမ်းရုံနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘဲ ဆက်လက်ပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲဖွယ်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“ဒီ စစ်ဆင်ရေး အဖွဲ့တွေက တခြားမြို့နယ်တွေကို သွားပြီးတော့ ကသုံးလုံးထဲမှာ ရှိတဲ့ မြို့နယ်တွေကို ဆက်ပြီးတော့ တိုက်ခိုက် သိမ်းပိုက်ကြမယ်လို့တော့ မြင်ပါတယ်”

တြိဂံမြို့သုံးမြို့ရဲ့ စစ်ရေးအခြေအနေ”

လက်ရှိ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ပင်လည်ဘူး၊ အင်းတော်နဲ့ ထီးချိုင့်မြို့နယ်တွေရဲ့ တည်နေရာကို မြေပုံမှာ အစက်ချ မျဉ်းဖြောင့်ဆွဲရင် တြိဂံပုံစံ တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီမြို့ သုံးမြို့ရဲ့ တစ်မြို့နဲ့တစ်မြို့ အကွာအဝေးကလည်း မိုင်(၄၀)ကျော်၊ မိုင်(၅၀)ဝန်းကျင် ရှိပါတယ်။

အဲဒီ မြို့သုံးမြို့ထဲက လက်ရှိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ တစ်ပတ်ကျော် ကြာပြီဖြစ်တဲ့ အင်းတော်မြို့ကို မြို့လုံးကျွတ် သိမ်းနိုင်ဖို့ မြို့တွင်းက စစ်အုပ်စု အထိုင်ချတပ်စွဲထားတဲ့ တောင်ကုန်းနှစ်ခုသာ ကျန်ပါတယ်။

သူတို့ (စစ်အုပ်စု) အခိုင်အမာ တပ်စွဲထားတဲ့ ဂျပန်လှိုင်ဂူ ခေါ်တာပေါ့။ ဂျပန်လှိုင်ဂူ ကျန်ဦးမယ်။ နောက် ဘုရားကုန်း တစ်ခု ကျန်မယ်။ အဲဒါပဲ ကျန်မယ်။ ကျန်တဲ့ဟာတွေကတော့ သိမ်းဆည်း နယ်မြေရှင်း လင်းပြီးပြီ” လို့ အင်းတော်မြို့နယ်ထဲ စခန်းသိမ်းနိုင်မှုကို အမှတ်(၁) စစ်ဒေသ ERO ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နဲ့ သုံးမိုင်ခန့်အကွာမှာ ရှိတဲ့ နဘားလမ်းဆုံ စစ်စခန်းကိုလည်း တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး အင်းတော်မြို့တွင်းက နောက်ဆုံးလက်ကျန် စစ်စခန်း တောင်ကုန်းနှစ်ခုကိုသာ ရရှိပါက အင်းတော်မြို့ သာမက တစ်နယ်လုံးမှာ စစ်အုပ်စု အထိုင်စခန်း မကျန်တော့ဘဲ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက် ရရှိမှာ ဖြစ်ပါတယ်။

အင်းတော်မြို့နယ်ထဲမှာ မော်လူးမြို့လည်း ရှိသေးပြီး ကချင်ပြည်နယ်နဲ့ အနီးဆုံး ကပ်လျက်မှာတည်ရှိတဲ့ မော်လူး မြို့ကို တော်လှန်ရေး အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကတည်းက သိမ်းပိုက် ထားပါတယ်။

အင်းတော်မြို့ဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ် တည်ရှိသလို ကချင်ပြည်နယ်ရဲ့ ဝင်ပေါက် ထွက်ပေါက် မြို့လည်း ဖြစ်ပါတယ်။ အလားတူ လက်ရှိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ထီးချိုင့်မြို့နယ်ဟာလည်း ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်ထွက်ပေါက်မြို့ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဟာ ဩဂုတ်လ(၂၁)ရက်က စပြီး ထီးချိုင့်မြို့ကိုလည်း တကျော့ပြန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင် နေပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ၂၀၂၃ နိုဝင်ဘာကတည်းက ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပေမယ့် စစ်အုပ်စုရဲ့ အသည်းအသန် လေကြောင်းဗုံးကြဲမှုတွေကြောင့် အမြတ်ပြတ် မသိမ်းနိုင်သေးဘဲ ကြန့်ကြာနေခဲ့ပါတယ်။

လက်ရှိ တကျော့ပြန် ထီးချိုင့်မြို့သိမ်း တိုက်ပွဲမှာ မြို့ရဲ့ အရှေ့ဘက် ဧရာဝတီမြစ် တစ်ဖက်ကမ်းက မြတောင်ရွာ စစ်အုပ်စုစခန်းနဲ့ မြတောင်အရှေ့ဘက် လမ်းဆုံရှိ စစ်အုပ်စုစခန်းတွေကို ကနဦး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ စစ်အုပ်စုက မြတောင်ရွာ စခန်းတွေ ဒရုန်းနဲ့တိုက်ခိုက်တာ မခံရဖို့ လှိုဏ်ဂူတွေ လုပ်ပြီး အခိုင်အမာ အထိုင်ချ ထားသလို အင်အား ဖြည့် ခံစစ်ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြတောင်ကျေးရွာက စစ်အုပ်စု အထိုင်ချထားတဲ့ နေရာတွေ အားလုံးကို တော်လှန်ရေး တပ်ဖွဲ့တွေက ဩဂုတ်လ(၂၂)ရက်မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ချသူတွေ ရှိသလို သုံ့ပန်းအဖြစ် ဖမ်းမိသူနဲ့ ထွက်ပြေးသူတွေ ရှိတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

1.png

ထီးချိုင့်မြို့နဲ့ မြတောင်ရွာ/Photo - Google

လက်ရှိမှာ ထီးချိုင့်မြို့တွင်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်အုပ်စုက နေ့ရောညပါ လေကြောင်းဗုံးကြဲကာ မြို့မကျရေး အသည်းအသန် ခုခံနေဆဲ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တဆက်တည်းမှာပဲ အင်းတော်၊ ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေး တပ်တွေက ထိုးစစ်ဆင်နေပြီး စစ်အုပ်စုကလည်း အသည်းအသန် ခုခံနေပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲတဲ့ ဩဂုတ်လ(၁၅)ရက် မတိုင်ခင် မေ၊ ဇွန်နဲ့ ဇူလိုင်လ ကတည်းက ပင်လယ်ဘူး မြို့တွင်းအထိ ဝင်ရောက်တိုက်ခိုက်တာ၊ မြို့ကို ဝိုင်းပတ် ပိတ်ဆို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပင်လည်ဘူးမြို့တွင်းက ကျောက်တိုင်ကုန်း၊ ရဲစခန်းရိပ်သာနဲ့ ဆေးရုံဆိုတဲ့ နေရာသုံးနေရာမှာ စစ်အုပ်စုက အခိုင်အမာ အထိုင်ချ တပ်စွဲထားတာလို့ ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ ပင်လယ်ဘူးမြို့နယ်အတွင်းက စစ်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီး ဖြစ်တာမို့ မြို့ကို ရပါက မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိမှာ ဖြစ်ပါတယ်။

signal-2024-08-16-191736_003.jpeg

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပင်လည်ဘူးမြို့ခံတွေ ချီတက်ဆန္ဒပြနေစဉ်/Photo - CJ

လက်ရှိ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကကြီးသုံးလုံးခရိုင်ထဲက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေကို အမှတ်(၁)စစ်ဒေသက ဦးဆောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် - PDF တပ်ရင်း၊တပ်ဖွဲ့တွေ အပါအဝင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်ဆင်ရေး လှိုင်းလုံးတွေဟာ အညာဒေသ စစ်ကိုင်းတိုင်းထဲကိုပါ ရိုက်ခက်လာနေပါပြီ။

ကကြီးသုံးလုံး စစ်ဆင်ရေး တိုက်ပွဲတွေဟာ ကကြီးသုံးလုံး နယ်မြေတေါနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘဲ တခြား မြို့၊ရွာတွေကိုလည်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်ဖွယ် ရှိတယ်လို့ ပင်လည်ဘူးမြို့နယ် ဒေသခံ စစ်ရေး သတင်းရင်းမြစ်က အခိုင်အမာ ပြောပါတယ်။

ကျနော်တို့ ကသုံးလုံးခရိုင်ရဲ့ နယ်မြေ စစ်ဆင်ရေးကတော့ တစ်ခုပြီးတစ်ခု ဆက်တိုက်သွားမယ့် အနေအထားတွေ့ မြင်နေရပါတယ်”



#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ