ရေးသူ - ကိုထူး (MFP)၊ ဆောင်းပါး
“ဆန်နဲ့ ထမင်း မစားရတာ လေးလကျော်ပြီ။ ကျွန်တော်တို့ စားရတဲ့ အစားအစာတွေက သစ်ရွက် သစ်ခက်၊ သစ်မြစ် တို့ပဲ တူးစားရတာ။ သစ်ဥ၊ သစ်မြစ် စားရတာတောင်မှ ဆား၊ ဟင်းချိုမှုန့် မပါဘဲ စားရတဲ့ အနပ်တွေ များတယ်”
အခုလို ပြောပြသူက မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက အသက်စွန့်ပြီး မိသားစုလိုက် ထွက်ပြေးလာတဲ့ ပျူစောထီးအဖွဲ့ဝင် (ဟောင်း) ကိုအောင်ရွှေ (အမည်လွှဲ) ဖြစ်ပါတယ်။
အသက်(၃၅)နှစ်ဝန်းကျင်အရွယ် ဦးအောင်ရွှေ၊ ဇနီးနဲ့ အသက်(၁၀)နှစ်ဝန်းကျင် သမီးတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ငရဲတမျှ ဆင်းရုံဒုက္ခတွေ ပြည့်နေတဲ့ ကန်နီရွာကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
ကိုအောင်ရွှေတို့ မိသားစုဟာ လွယ်လွယ်ကူကူ ထွက်ပြေးလွတ်မြောက်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ စီစဉ်ထားတဲ့ အတိုင်း မဖြစ်လို့ အိမ်ကို တိတ်တိတ်လေး ပြန်ပြီး ဟန်မပျက် နေခဲ့ရတာ သုံးကြိမ်မက ရှိတယ်လို့ ဆိုပါတယ်။
နောက်ဆုံးတစ်ကြိမ်မှာတော့ သူနဲ့အတူတူ ထွက်ပြေးဖို့ တိုင်ပင်ထားတဲ့ တရွာတည်းနေ သူငယ်ချင်းရဲ့ ကင်းစောင့် အလှည့်ကျချိန်မှာ သမီးငယ်ကို ကျောမှာ ပုဆိုးတစ်ကွင်းနဲ့ သိုင်းချည်ပြီး ကြောက်စိတ်ကြောင့် တုန်ရီနေတဲ့ ဇနီးသည်ရဲ့ လက်ကို ဆွဲကာ အမှောင်ရိပ်ထဲကနေ ကျေးရွာ တာစည်းတွေကို ဖြတ်ကျော် ထွက်ပြေးလာရတာ ဖြစ်ပါတယ်။
ကိုအောင်ရွှေတို့ မိသားစုဟာ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ကန်နီရွာကနေ ညဦးပိုင်းမှာ ထွက်ပြေးလာခဲ့ကြပြီး ချိန်ူဆိုထားတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ သန်းခေါင်ကျော် မနက်ကြီး (၁)နာရီခန့်မှာ ဆုံခဲ့တာလို့ ဆိုပါတယ်။
ကန်နီကျေးရွာဟာ စစ်အာဏာမသိမ်းခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)ကို အားပေး ထောက်ခံမှု များတဲ့ ရွာဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်မှာလည်း စစ်အုပ်စုကို ဆက်လက် ထောက်ခံကာ ကန်နီရွာထဲ စစ်အုပ်စု အထိုင်ချ စခန်းဖွင့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ၂၀၂၁ ဇွန်လ ကတည်းက ရွာမှာ ပျူစောထီးစခန်း ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုကလည်း ကန်နီရွာခံတွေကို စစ်သင်တန်း တက်ခိုင်းကာ လက်နက်နဲ့ရိက္ခာ ထောက်ပံ့ပေးမယ်လို့ အာမခံပြီး ကျေးရွာကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကျေးရွာအတွင်း ပျူစောထီးစခန်း ဖွင့်စေခဲ့တာပါ။
မြိုင်မြို့နယ်မှာ ကန်နီရွာ အပါအဝင် စစ်အုပ်စုက ပျူစခန်းဖွင့်ထားတဲ့ ကျေးရွာ ငါးရွာအထိ ရှိပါတယ်။ သရက်ကန်၊ သရက်ကွ၊ ဝက်ပုတ်၊ တွင်းမ စတဲ့ ရွာတွေဟာ ကန်နီရွာလိုပဲ စစ်အာဏာမသိမ်းခင်က ကြံ့ဖွံ့ပါတီကို ထောက်ခံသူ အများစု နေထိုင်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု လက်အောက်ခံ လက်နက်ကိုင် ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့ထဲ ဝင်ကာ ရွာမှာ ပျူစခန်းတွေ ဖွင့်ထားတာ ဖြစ်ပါတယ်။
ကန်နီရွာ အပါအဝင် မြိုင်နယ်ထဲက စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ စခန်းတွေကို ရိက္ခာ မသယ်ယူနိုင်အောင်၊ တခြားမြို့ရွာတွေနဲ့ ကူးသန်းသွားလာမှု မလုပ်နိုင်အောင် တော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းပတ် ပိတ်ဆို့ ထားတာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းစ တော်လှန်ရေးတပ်တွေ အင်အား မကောင်းခင်ကတော့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်ပြီးနောက် ခိုးရာပါ ပစ္စည်းတွေ၊ လုယက်ဖောက်ထွင်းလို့ ရလာတဲ့ ပစ္စည်းတွေနဲ့ ခွဲဝေ စားသောက်ကာ နေထိုင်ခဲ့ကြပေမယ့် ယခုနှစ်တွေအတွင်း တော်လှန်ရေးတပ်တွေက တဖြည်းဖြည်း ပိုမို အင်အား တောင့်တင်းလာပြီး နယ်မြေ ပိုမို စိုးမိုးကာ ပျူစခန်းတွေ၊ စစ်စခန်းတွေကို ဝိုင်းပတ်ပိတ်ဆို့ထားချိန်မှာတော့ စစ်အုပ်စုနဲ့ ပျူတွေ စစ်ကြောင်း မထိုးနိုင်တော့သလို တခြား မြို့ရွာတွေနဲ့ ကူးသန်းသွားလာနိုင်တာ မရှိတော့ဘဲ ဖြစ်လာပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ပျူစခန်းဖွင့်ထားတဲ့ ကျေးရွာတွေမှာ အစားအသောက်နဲ့ ရိက္ခာ ရှားပါး ပြတ်လပ်ပြီး ပျူတွေက အငတ်ဘေး ကြုံနေရတာလို့ ဒေသခံတွေက ရှင်းပြပါတယ်။
ကန်နီကျေးရွာဟာ မြိုင်မြို့နဲ့ ခြောက်မိုင်ခန့် အကွာမှာ တည်ရှိပြီး မြိုင်-ထုံးမ လမ်းမကြီးဘေးမှာ တည်ရှိပါတယ်။
ကန်နီကျေးရွာ ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်ဟာ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဆန်းဝင်း ဖြစ်ပြီး စစ်အုပ်စုနဲ့ ပျူ အင်အား(၁၀၀)လောက်ဟာ ကန်နီရွာကို ပျူစခန်းအဖြစ် အသွင်းပြောင်းပြီး ကျေးရွာအတွင်း အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။
ကန်နီကျေးရွာကို ရိက္ခာနဲ့ စစ်ကူမပို့နိုင်အောင် တော်လှန်ရေး တပ်ဖွဲ့တွေက ပိတ်ဆို့ ဖြတ်တောက် ထားနိုင်တာကြောင့် ကျေးရွာထဲမှာ ရှိနေတဲ့ ပျူစောထီးနဲ့ ရွာခံတွေ ထမင်းမစားရတာ လေးလကျော် ရှိနေပြီး ထန်းပင်က ရတဲ့ ထန်းအူတွေကို ဓားနဲ့ပိုင်း ဖြတ်ပြီး စားရသလို ငှက်ပျောအူ၊ ငှက်ပျောဖူး စတဲ့ သစ်ဥ၊ သစ်ဖုတွေကို ဖြစ်သလို စားသောက် အသက်ရှင်နေကြရတယ်လို့ ကိုအောင်ရွှေက ပြောပါတယ်။
ကျေးရွာထဲမှာ ရှိနေတဲ့ လက်နက်ကိုင် ပျူစောထီး မိသားစုဝင်တွေနဲ့ ပြည်သူတွေဟာ ထမင်းချက်စားဖို့ ဆန်မရှိတဲ့ အတွက် သစ်ဥ၊ သစ်ဖုနဲ့ အသီး အရွက်ခူးဖို့အတွက် ကျော်ဆန်းဝင်းဆီကို တစ်ရက်ကြိုစာရင်းပေး ခွင့်တောင်းရပါ တယ်။
ကျော်ဆန်းဝင်းဆီက ခွင့်ပြုချက်ရမှသာ ရွာပြင်ကို သစ်ဥ၊သစ်ဖု အရှာထွက်နိုင်သလို အဲဒီလို အရှာထွက်ဖို့အတွက် မိသားစုဝင် နှစ်ဦးကိုပဲ ခွင့်ပြုပြီး အာမခံအဖြစ်နဲ့ ကျန်တဲ့ မိသားစုဝင်တွေကို ပျူစောထီးစခန်းမှာ ထားခဲ့ရတယ်လို့ ကိုအောင်ရွှေက ဆိုပါတယ်။
“ထမင်းချက်စားဖို့ ဆန်မရှိလို့ သစ်ဥ၊ သစ်ဖုနဲ့ အသီးအရွက်တွေ ခူးဖို့အတွက် ပျူစောထီး ခေါင်းဆောင်ဆီကို တစ်ရက် ကြိုစာရင်းပေး ခွင့်တောင်းရတယ်။ သူ့ဆီက ခွင့်ပြုချက်ရမှ ရွာပြင်ကို သစ်ဥ၊ သစ်ဖု အရှာ ထွက်နိုင်တယ်”
ဒါ့အပြင် ကန်နီကျေးရွာထဲကနေ ထွက်ပြေးသွားတာမျိုး မဖြစ်ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပျူစောထီးတွေ အပါအဝင် ရွာခံတွေရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းတွေကို ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်းက သိမ်းဆည်း ထားတယ်လို့ ဆိုပါတယ်။
တခြားသူတွေနဲ့ ဆက်သွယ်လို့ မရအောင် ဖုန်းတွေကိုလည်း သိမ်းယူထားသလို တခါတရံ အရေးတကြီး ဆက်သွယ် ပြောဆိုစရာ ရှိရင်လည်း ဖုန်းရှိတဲ့ ပျူတွေဆီ သွားပြီး သူတို့ရှေ့မှာပဲ ပြောရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပျူစောထီးခေါင်းဆောင် ကျော်ဆန်းဝင်းက ကျေးရွာထဲမှာ ငွေစက္ကူအစုတ်တွေ များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေစက္ကူကို မိတ္တူကူးပြီး သူ့နာမည် တံဆိပ်တုံးထုကာ လက်နက်ကိုင် ပျူစောထီးတွေနဲ့ ပြည်သူတွေကို အသုံးပြုခိုင်းလို့ ကန်နီတရွာလုံး ကျော်ဆန်းဝင်း နာမည်ပါတဲ့ စက္ကူတွေကို ငွေအဖြစ် သုံးစွဲ နေရတယ်လို့ ဆိုပါတယ်။ ကျေးရွာထဲမှာ ကျန်ရစ်နေခဲ့တဲ့ မိသားစုတွေဆီကို မြို့မှာ အလုပ်လုပ်နေတဲ့ သားသမီးတွေက KBZ pay၊ Wave Pay တို့နဲ့ ငွေလွှဲရင်လည်း ကျော်ဆန်းဝင်းက သိမ်းယူထားပြီး သူ့နာမည် တံဆိပ်တုံး ထုထားတဲ့ မိတ္တူ ငွေစက္ကူတွေကိုပဲ ပေးတယ်လို့ ကိုအောင်ရွှေက ပြောပြပါတယ်။
ငွေစက္ကူမိတ္တူကို ၁,၀၀၀ ကျပ်တန်၊ ၅,၀၀၀ ကျပ် တန်နဲ့ ၁၀,၀၀၀ ကျပ်တန်အထိ ထုတ်ကာ ဖြန့်ဝေသုံးစွဲနေပြီး အဲဒီ ငွေစက္ကူတွေ ပျံ့နှံ့လာတာကြောင့် ပြည်သူ အချင်းချင်းကြားမှာ ငွေစက္ကူအတုတွေကို မယူချင်တဲ့အတွက် အခက်အခဲ တော်တော်ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“ငွေအတုတွေ ထုတ်ပြီးနောက်ပိုင်း စားစရိတ်ဝယ်ဖို့တောင် မလွယ်တော့တာ။ ဆီလေးမျှပါဦးဗျ ၁၀ သား၊ ငါးကျပ် သားလောက်။ မြေပဲဆန်လေး မျှပါဦးဗျ တစ်ဗူး နှစ်ဗူးလောက်။ အဲလိုလေးတောင်မှ ငွေအတုတွေနဲ့ဆိုတော့ မရောင်းချင်တာပေါ့ဗျာ။ လက်လုပ်လက်စားတွေက လုပ်အားခ ပေးလိုက်လို့ ငွေအတုကို ယူလာပြီး ဝယ်စားမယ်ဆို မရောင်းချင်ကြတာပေါ့ဗျာ” လို့ ကိုအောင်ရွှေက ပြောပြပါတယ်။
ကန်နီကျေးရွာမှာ အာဏာသိမ်း စစ်အုပ်စုကို ထောက်ခံသူ အများအပြား ရှိပေမဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေက အခွင့်အရေး ချိုးဖောက်တာ၊ အချင်းချင်း ဖိနှိပ်အနိုင်ကျင့်တာ၊ ငတ်ပြတ်လာတာတွေကြောင့် တော်လှန်ရေး အဖွဲ့တွေဆီကို ဆက်သွယ်ပြီး ရွာကနေ အသက်စွန့် ထွက်ပြေးသူတွေ များလာတယ်လို့ မြိုင်နယ် ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“ခုက ဒီလို ဖြစ်သွားတာပေါ့။ ကျော်ဆန်းဝင်းတို့ အုပ်စုနဲ့ လူ ၁၀၀ လောက် ဆိုးလိုက်တာ လူအကုန်ဒုက္ခရောက်ကုန် တာပေါ့” လို့ အဆိုပါ ရဲဘော်က ပြောပါတယ်။
၂၀၂၀ ခုနှစ်က လူဦးရေ ၂,၀၀၀ ခန့်ရှိတဲ့ ကန်နီကျေးရွာဟာ လက်ရှိမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေကြောင့် အများစုက နေရပ် စွန့်ခွာကာ အသက်စွန့်ထွက်ပြေးကြလို့ လက်ရှိ ကန်နီရွာထဲမှာ အိမ်ထောင်စု ၁၅၀ ၊ လူဦးရေ ၄၅၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်က ဆိုပါတယ်။
မြိုင်နယ်မှာ ရဲစခန်းနဲ့ ပျူစောထီးစခန်း ကိုးခု ရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ရာ ဩဂုတ်လအတွင်း ပျူစခန်းတစ်ခုနဲ့ ရဲစခန်းတစ်ခုကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ မြိုင်နယ်မှာ စစ်အုပ်စု ရဲစခန်းနဲ့ ပျူစောထီးစခန်း ခုနစ်ခုသာ ကျန်ရှိတော့ပြီး အဲဒီ စခန်းတွေက ကန်နီရွာ ပျူစောထီးစခန်း၊ သရက်ကွရွာ ပျူစောထီးစခန်း၊ သရက်ကန်ရွာ ပျူစောထီးစခန်း၊ တွင်းမရွာ ပျူစောထီးစခန်း၊ လင်းကတောရွာ နယ်မြေရဲစခန်း၊ မြိုင်မြို့မ ရဲစခန်းနဲ့ စက်မှု-၂ အထိုင်စခန်းတို့ ဖြစ်ပါတယ်။
မြိုင်မြို့နယ် တောင်ပိုင်းက သရက်ကန်ကျေးရွာ ပျူစခန်းကိုလည်း ကန်နီကျေးရွာနည်းတူ တော်လှန်ရေး တပ်တွေက ပိတ်ဆို့ထားပါတယ်။
သရက်ကန်ကျေးရွာဟာ မြိုင်မြို့နဲ့ (၁၃)မိုင်ခန့်သာ ကွာဝေးပြီး မြိုင်-ကမ္မ လမ်းမပေါ်မှာ တည်ရှိကာ ရွာရဲ့ မြောက်ဘက် သုံးမိုင်ခန့်အကွာမှာ ကိုင်းတောမ နယ်မြေရဲစခန်း နဲ့ တောင်ဘက် ငါးမိုင်ခန့် အကွာမှာ တွင်းမရွာ ပျူစောထီးစခန်းတွေ ရှိပါတယ်။
သရက်ကန်ရွာ စာသင်ကျောင်းထဲမှာ စစ်အုပ်စုနဲ့ ရွာခံ ပျူစောထီးအင်အား (၈၀)ခန့် တပ်စွဲထားပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ထားမှုကြောင့် အဲဒီ သရက်ကန်ရွာက လက်နက်ကိုင် ပျူစောထီးတွေနဲ့ သူတို့ကို ထောက်ခံတဲ့ ပြည်သူတချို့ ရိက္ခာပြတ်တောက်ကာ ငတ်ပြတ်နေကြတယ်လို့ သရက်ကန်ကျေးရွာကနေ ထွက်ပြေး လွတ်မြောက်လာသူ တစ်ဦးဖြစ်တဲ့ ကိုတိုးအောင်(အမည်လွဲ) က ပြောပါတယ်။
“လက်ရှိကတော့ အစာငတ်၊ ရေငတ်ဖြစ်နေတာပေါ့နော။ ဒီတိုင်းတိုင်းရှိတဲ့ အသီးအရွက်တွေ၊ သင်္ဘောပင်တို့၊ သင်္ဘောဖူး အမြစ်တွေတို့ ပြုတ်ပြီးတော့ အရွက်မှန်သမျှကို အကုန် ပြုတ်ပြီး စားသောက်နေရတာပေါ့။ မစားရဘူးလို့ ကြားဖူးတဲ့ အရွက်တွေတောင်မှ ပြုတ်ပြီးတော့ စားနေရတယ်”
သရက်ကန် ကျေးရွာမှာ ရိက္ခာအပြင် သောက်သုံးရေ အခက်အခဲလည်း ကြုံနေကြရပြီး ရွာခံတွေဟာ ရေကို ခွဲတမ်းနဲ့ သောက်သုံးနေရတယ်လို့ ဆိုပါတယ်။
သရက်ကန်ကျေးရွာဟာ မိုးရေကိုသာ အဓိက အားပြု သောက်သုံးနေရပြီး ရွာဘုန်းကြီးကျောင်းထဲမှာ သောက်ရေကန် ရှိကာ ပျူတွေက အဲ့ဒီ ရေကို ခွဲတမ်းနဲ့ ပေးတာလို့ ဆိုပါတယ်။ မိသားစုတစ်စုကို သုံးရက် တစ်ကြိမ်၊ ငါးရက်တစ်ကြိမ်မှာ ငါးဂါလံပုံး တစ်ပုံး ရေပေးဝေပေးပြီး ဒါကလည်း မိုးရွာပြီးချိန်မှ ပေးဝေနိုင်တာလို့ ကိုတိုးအောင်က ပြောပါတယ်။
သောက်ရေအတွက် ရေကန်ထဲမှာ ရှိတဲ့ ရေပမာဏကို မူတည်ပြီး သုံးရက်ကို တစ်ကြိမ်လောက် သောက်ရေ ရပေမဲ့ သုံးရေ အနေနဲ့ တစ်ပတ်မှ တစ်ခါပဲ ရေချိုးကြရတယ်လို့ ဆိုပါတယ်။
“ဖျားလို့၊ နာလို့ ဆေးသောက်စရာ ဆေးကို မရှိဘူး” လို့ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရဘူးလို့ ကိုတိုးအောင် က ပြောပါတယ်။
ရိက္ခာပြတ်ပြီး ငတ်နေကြတဲ့အတွက် ဇူလိုင်လထဲမှာ သရက်ကန်ကျေးရွာက ပျူစောထီးတွေဟာ ရွာရဲ့ နှစ်ဖာလုံခန့် ဝေးတဲ့ စိုကန်တိုက်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ခြောက်ယောက်ခန့်ကို ဖမ်းဆီးခေါ် ဆောင်ကာ ရိက္ခာနဲ့ လဲလှယ်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ ပျူစောထီးတွေ ရိက္ခာပြတ်ငတ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကြုံခဲ့ဖူးတဲ့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မြိုင်နယ် နည်းတူ ပေါက်မြို့နယ်ထဲက စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ ဇီးပြားရွာ ပျူစောထီးစခန်းနဲ့ တရော်ကိုင်းရွာ ပျူစောထီးစခန်းတို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေက ပိတ်ဆို့ ထားတာကြောင့် ပျူစောထီးတွေ ရိက္ခာပြတ်ကာ ငတ်နေကြပြီး တချို့ မိသားစုတွေ အသက်စွန့် ထွက်ပြေး လာကြတယ်လို့ မြိုင်မြိုနယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တရော်ကိုင်းကျေးရွာက မိသားစုနှစ်စု မြိုင်-ပကဖ ဆီကို ဆက်သွယ် ထွက်ပြေးလာကြ တယ်လို့ သူက ဆိုပါတယ်။
အလားတူ ဇီးပြားရွာ ပျူစောထီးက ပြည်သူတွေလည်း တော်လှန်ရေး တပ်ဖွဲ့တွေဆီကို ဆက်သွယ် ထွက်ပြေး လာကြပြီး အဲဒီ ပြည်သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ ဇီးပြား ကျေးရွာစခန်းမှာ ရိက္ခာ ပြတ်လို့ ငတ်နေကြောင်း ပြန်ပြောပြတယ်လို့ မြိုင်-ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဇီးပြားက တော်တော် ခက်ခဲနေတာပေါ့။ ကျွန်တော်တို့က ရိက္ခာ ဖြတ်တောက်ထားနိုင်တော့ကြ။ အဓိက ကတော့ ဆား မရှိဘူးဗျာ။ ဆားတို့၊ ငပိတို့၊ ဆပ်ပြာခဲတို့ မရှိဘူး။ အဲဒါက ထွက်ပြေးလာတဲ့သူတွေကို မေးကြည့်တဲ့အခါ ပြန် ပြောတာပေါ့နော” လို့ မြိုင်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ရိက္ခာပြတ်ပြီး ငတ်နေတဲ့ ပျူစောထီးတွေထဲက စစ်အုပ်စုနဲ့ အဆက်အသွယ် ကောင်းတဲ့ ပျူစောထီးရွာ တချို့အတွက် စစ်အုပ်စုက လေယာဉ်နဲ့ ချပေးတဲ့ အထောက်အပံ့ ရိက္ခာတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်တဲ့အတွက် ပျူစောထီးတွေ ကူကယ်ရာမဲ့ ဖြစ်တယ်လို့ တော်လှန်ရေး ရဲဘော်တွေက ဆိုပါတယ်။
အလားတူ အညာဒေသမှာ တော်လှန်ရေးတပ်တွေက ပိုမို အားကောင်းလာတဲ့အတွက် စစ်အုပ်စုဟာ အရင်လို စစ်ကူနဲ့ ရိက္ခာ ထောက်ပံ့နိုင်တာမျိုး အားနည်းလာတယ်လို့ တော်လှန်ရေး ရဲဘော်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်အတွင်း မြိုင်နယ် တောင်ပိုင်းက ကိုင်းတောမ နယ်မြေရဲစခန်းနဲ့ ဝက်ပုတ်ရွာ ပျူစောထီး စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ရာ စစ်အုပ်စုက စစ်ကူပို့တာ မရှိတဲ့အတွက် စစ်ကူမျှော်ပြီး ခံတိုက်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိအခိုက် များစွာနဲ့ ထွက်ပြေးသွားပြီး တော်လှန်ရေးတပ်တွေက စခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေ အင်အား ကောင်းလာတာနဲ့အမျှ မြိုင်နဲ့ပေါက်နယ်က ပျူစောထီးတွေ ကူကယ်ရာမဲ့ ဖြစ်လာပြီး ငတ်တလှည့် ပြတ်တလှည့်နဲ့ ဘဝဆုံးလိမ့်ယ်လို့ မြိုင်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“တော်လှန်ရေး အားကောင်းလာတာနဲ့ အမျှ တော်လှန်ရေး ပြီးတဲ့အချိန်မှာ လူကြားသူကြားမှာ တချိန်က ပျူစောထီး မိသားစုဝင် ၊ ပျူစောထီးရွာ ဆိုပြီး သိမ်ငယ်ရမှာပဲ။ ပျူစောထီး လုပ်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကာကွယ်ရေး အဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံရမယ်။ အစာရေစာက အစပဲ။ ပြီးတော့ မိသားစုဝင်တွေရဲ့ လူမှုဘဝတွေ တဖြည်းဖြည်း ဆုံးရှုံးလာမယ်။ ကိုယ့်ရွာကို ပျူစောထီးရွာ လုပ်တာဟာ ရွာကို ဖျက်ဆီးတာနဲ့ အတူတူပဲ” လို့ မြိုင် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
ငတ်ပြတ်နေပြီ ဖြစ်ပေမယ့် စစ်အုပ်စုရဲ့ ဝါဒမှိုင်းမိပြီး စစ်အုပ်စုကသာ အနိုင်ရလိမ့်ဦးမယ်လို့ ယုံကြည်နေတာ၊ ပြင်ပ မြို့ရွာတွေနဲ့ အဆက်အသွယ် ဖြတ်တောက် ပိတ်လှောင်ခံထားရပြီး လုံလောက်တဲ့ သတင်းအချက်အလက် မရရှိတာ၊ စစ်အုပ်စုနဲ့ပေါင်းပြီး လူသတ်၊ လုယက်၊ မီးရှို့ စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတာကြောင့် မြိုင်နယ် ပျူတွေဟာ သေမထူး၊ နေမထူး ဘဝနဲ့ ဆက်လက် တောင့်ခံနေကြတာလို့ ဒေသခံတွေနဲ့ တော်လှန်ရေး ရဲဘော်တွေက သုံးသပ်ပါတယ်။
“အမျိုးမျိုးရှိတာပေါ့ဗျာ၊ သူတို့ကိုယ်တိုင်က ဒီဥစ္စာက (စစ်အုပ်စုအပေါ်) ယုံကြည်နေတာ ကလည်း တကြောင်းပေါ့၊ ယုံကြည်တယ်။ သူတို့ နိုင်မယ်ဆိုတာမျိုး သူတို့ ခံယူချက်ပေါ့။ အဲဒါကလည်း တစ်ချက်ပေါ့၊ တချို့ကျလည်း ခုနက ပြောသလို ကျူးလွန်ထားတာတွေ ရှိနေတော့ကျ နောက်ဆုတ်လို့ မရတော့တာမျိုး။ နောက်ပြီးတော့ ကျွန်တော်တို့ ဘက်ကို မယုံကြည်တာလည်း ပါတာပေါ့။ လက်နက်ပဲပါပါ မပါပါ သတ်မယ်ပဲ ထင်နေတာလေ၊ ဝါဒဖြန့်ခံတာမျိုးတွေလည်း ရှိတာပေါ” လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ကန်နီရွာ ပျူစခန်းက ပျူတွေဟာ ထွက်ပြေးဖို့ ကြိုးစားနေကြပြီး ပျူအချင်းချင်းကရော တော်လှန်ရေး ဘက်သားတွေကပါ သတ်ဖြတ်မှာကို ကြောက်ရွံ့လို့ မပြေးရဲကြသေးတာလို့ ထွက်ပြေး လွတ်မြောက်လာသူ ဦးအောင်ရွှေ က ပြောပါတယ်။
“ဘာလို့ ထွက်မရလဲ ဆိုတော့ အပြင်မှာ ပျူစောထီးတွေ တွေ့ရင် သတ်တယ်၊ မိန်းမတွေ တွေ့ရင်လည်း မုဒိန်း ကျင့်တယ်လို့ မှိုင်းတိုက်ထားတာကိုး၊ ဖုန်းတွေက သိမ်းခံလိုက်ရပြီး အဆက်အသွယ်မရ နေကြရတာ၊ အခုလို အဆက်အသွယ်တွေ ရရင် ထွက်လာမယ့်သူတွေချည်းပဲ၊ အရေးကြုံရင် ထွက်ပေါက်ရရင် ပြေးကြမှာပဲ”
အသက်စွန့် ထွက်ပြေးလာတဲ့ ဦးအောင်ရွှေကတော့ သူ့ရဲ့ စွန့်စားမှု ရလဒ်ကို ခံစားနေရပြီး သမီး၊ ဇနီးနဲ့အတူ ထမင်းဝ၀ စားသောက်နေနိုင်ပြီ ဖြစ်သလို အနာဂတ်သစ်ကို ဖန်တီးဖို့ နေရာသစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။