စစ်အုပ်စု ဝင်မွှေသွားတဲ့ ထီးလင်းနယ် ရွာတစ်ရွာမှာ လက်ပြန်ကြိုးတုပ်၊ မီးရှို့ အသတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရှိ၊

စစ်အုပ်စု ဝင်မွှေသွားတဲ့ ထီးလင်းနယ် ရွာတစ်ရွာမှာ လက်ပြန်ကြိုးတုပ်၊ မီးရှို့ အသတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရှိ၊

MFP ၊ အောက်တိုဘာ - ၁၃

မကွေးတိုင်း ထီးလင်းနယ်ထဲက စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်းသွားတဲ့ အနောက်ဘက်ကျေးရွာမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး နေအိမ်နှင့်အတူ မီးရှို့ အသတ်ခံထားရတဲ့ အလောင်း လေးလောင်း တွေ့ရှိရတယ်လို့ ယောကာကွယ်ရေးတပ်-YDF(ထီးလင်း) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၃)ရက် မနက်ပိုင်း စစ်အုပ်စုနှင့် ပျူတွေ ဝင်မွှေလုယက် မီးရှို့သွားတဲ့ ထီးလင်းမြို့နယ် အနောက်ဘက်ကျေးရွာထဲ မီးလောင်ပြင်ကို ရှင်းလင်းရာမှာ နေအိမ်တစ်လုံးထဲ လက်ပြန်ကြိုးတုပ်ပြီး မီးရှို့ အသတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရှိတာလို့ ဆိုပါတယ်။

အဲ့ဒီ အနောက်တောရွာမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတဲ့ ဒေသခံ ပြည်သူ ခြောက်ဦး အထိ ရှိနေတာကြောင့် လက်ရှိ အလောင်းလေးလောင်းက ဘယ်သူဘယ်ဝါ ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ထီးလင်း YDF က ဆိုပါတယ်။

"ယနေ့ မနက် (၈)နာရီခွဲအချိန် အနောက်ဘက်ရွာမှ စစ်ကြောင်းဆုတ်သွားကြသဖြင့် ယောကာကွယ်ရေးတပ် - YDF (ထီးလင်း) တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ လက်ပြန်ကြိုး တုပ်လျှက် လူနေအိမ်ပေါ် တင်၍ မီးရှို့ထားသော အပြစ်မဲ့ပြည်သူအလောင်း လေးလောင်း( အမည်မသိသေး )အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းပို့လာပါသည်။ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် စစ်ကြောင်းလှုပ်ရှားလာကြောင်း သတင်းပေးပို့လာသောကြောင့် လုံခြုံရေးအရပြန်လည် ဆုတ်ခွာခဲ့ရသဖြင့် မီးငြိမ်းသတ်ခြင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါသည်" လို့ ထီးလင်း YDF က ဖော်ပြပါတယ်။

ထီးလင်းမြို့နယ် အနောက်ဘက် ကျေးရွာက ဒေသခံတွေ ဖြစ်တဲ့ ၁။ဟိန်းထက်-အသက် ၁၈ နှစ်၊ ၂။အောင်ဖြိုးကို-အသက် ၁၄ နှစ်၊ ၃။ညိုမင်း -အသက် ၁၇ နှစ်၊ ၄။ဇင်မင်း-အသက် ၂၈ နှစ်၊ ၅။ဇင်ထွန်း-အသက် ၃၃ နှစ်(ဇင်မင်း၏အကို)နှင့် ၆။မောင်အေး-အသက် ၅၇ နှစ်တို့ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့သွားတဲ့ အနောက်ဘက်ကျေးရွာက နေအိမ် (၁၀)လုံး မီးလောင် ပြာကျခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ယောကာကွယ်ရေးတပ် - YDF(ထီးလင်း) က ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ ခြေလျှင်တပ်ရင်း - ခလရ (၅၀)နှင့် ပျူတွေ အပါအဝင် အင်အား (၁၀၀)ခန့်ရှိတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ(၁၉)ရက်က စတင်ပြီး ထီးလင်းနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက်၊ သတ်ဖြတ် မီးရှို့တာတွေ ကျူးလွန်နေပြီး အဲ့းီ စစ်အုပ်စု မီးရှို့လို့ အနည်းဆုံး နေအိမ် အလုံး (၄၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ် အနောက်ဘက်ကျေးရွာမှာ တွေ့ရတဲ့ ကြိုးတုပ်၊ မီးရှို့ အသတ်ခံထားရတဲ့ အလောင်းတွေ/Photo - YDF ထီးလင်း

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးလင်း #YDF #အနောက်ဘက်ရွာ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ