တကောင်းမြို့ အိမ်ပြန်ခရီး

တကောင်းမြို့ အိမ်ပြန်ခရီး

ရေးသားသူ - ထင်လင်း (MFP)၊ ဆောင်းပါး၊

အိမ်ကို စွန့်ခွာထွက်လာခဲ့ပြီး ကတည်းက ဘယ်တော့ ပြန်ခွင့်ရမလဲဆိုတာ မတိကျ မရေရာသလို အိမ်ပြန်ခွင့်ရော ရပါဦးမလားလို့ တွေးရင်း လွမ်းဆွတ်မျှော်လင့်နေရတဲ့ အိမ်ပြန်ချင်စိတ် ဆန္ဒဟာ တကောင်းမြို့သား တော်လှန်ရေး ရဲဘော်မာမီ အတွက် ဩဂုတ်လ (၁၂)ရက်မှာ အလုံးစုံ ပြည့်ဝခဲ့ပါတယ်။

“အတိုင်းမသိ ပျော်တာပဲ။ အဖေက ကျန်းမာရေး သိပ်မကောင်းတော့ မတွေ့ရတော့မှာ အရမ်းစိုးရိမ်ခဲ့တာ ၊ အခုက တွေ့ရတော့‌ အဆင်ပြေတယ်” လို့ အိမ်ပြန်ခွင့်ရခဲ့ပြီး မိသားစု ပြန်လည်ဆုံစည်းရတဲ့ ခံစားချက်အပေါ် ရဲဘော် မာမီ က ဝမ်းပန်းတသာ ပြောပါတယ်။

455110595_1674007510086996_1699995221007727429_n.jpg

တကောင်းမြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ တွေ့ရတဲ့ ရဲဘော် မာမီ/Photo - ပေးပို့

မန္တလေးတိုင်းရဲ့ မြောက်ဘက်ဆုံးပိုင်းက ရှေးဟောင်းမြို့ တစ်ခုဖြစ်တဲ့ တကောင်းမြို့ကို ဩဂုတ်လ(၁၂)ရက်မှာ တော်လှန်ရေး အင်အားစုတွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်တွေ စတင်ချိန်ကတည်းက တကောင်း မြို့ပေါ်မှာ အထိုင်ချ တပ်စွဲပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ စစ်အုပ်စု အထိုင်စခန်းတွေကို ချေမှုန်းရှင်းလင်းပြီး တော်လှန်ရေး အင်အားစုတွေဟာ မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ရက်ခွဲ ကြာမြင့်တဲ့ အဲဒီ တကောင်းမြို့သိမ်း တိုက်ပွဲမှာ ရဲဘော်မာမီလည်း ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သလို မြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် သုံးနှစ်နီးပါးကြာ ခွဲခွာခဲ့ရတဲ့ အိမ်အရိပ်အာဝါသနဲ့၊ မိသားစုနဲ့ ရဲဘော်မာမီ ပြန်လည် ဆုံတွေ့ခွင့်၊ အိမ်ပြန်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်ဖို့ ရဲဘော်မာမီ အိမ်က ထွက်ခဲ့စဉ်က အသက်(၁၇)နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။ အထက်တန်း ပညာရေး တပိုင်းတစနဲ့ သူတို့ သူငယ်ချင်းတစ်ခုဟာ တော်လှန်ရေးထဲကို ခြေစုံပစ် ဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ စာရေး ကိရိယာတွေအစား လက်နက်ခဲယမ်းတွေကို စွဲကိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့ သူငယ်ချင်းတစ်စုရဲ့ ခံယူချက်ကတော့ “စစ်ဟာ ခါးမှန်းသိသော်လည်း၊ စနစ်ဟာ မတရားမှန်းသိ၍ အနိုင်တော့ တိုက်ရမည်" ဆိုတာပဲ ဖြစ်ပါတယ်။

အဲဒီ ခံယူချက် စိတ်ဓာတ်နဲ့ တကောင်းမြို့သိမ်း တိုက်ပွဲကို ရဲဘော်မာမီတို့ ဆင်နွှဲပြီး အိမ်ပြန်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။

“မကြာခင် ရဲဘော်တွေ အကုန်ပြန်နိုင်တော့မယ်။ အရင်ကထက် အားကောင်းတဲ့ စစ်ရေး အရွေ့ကလည်း လာပြီမို့ အိမ်ပြန်ရဖို့ အချိန်မကြာတော့ဘူး”လို့ တခြား အိမ်ပြန်ခွင့် မသာဘဲ ရှိနေဆဲဖြစ်တဲ့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး ရဲဘော် မာမီက ဆိုပါတယ်။

တကောင်းမြို့ကို တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ပြီး ရဲဘော်မာမီလို တချို့သော ရဲဘော်တွေ အိမ်ပြန်ခွင့် သာခဲ့ပေမဲ့ လက်နက်ကိုင် ရဲဘော်တွေနည်းတူ တဖက်မှာ စစ်အာဏာရှင်ကို အံတုတော်လှန်တဲ့ မြေပြင်သပိတ် တိုက်ပွဲတွေမှာ ဦးဆောင် ပါဝင်တော်လှန်ရင်း အိမ်ပြန်ခွင့် မသာသေးတဲ့ တကောင်းမြို့သူ တစ်ဦးလည်း ရှိပါတယ်။

သူက အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) ရဲ့ မြေပြင် သပိတ် ဖော်ဆောင်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မအေးမြင့်အောင်အောင်ပဲ ဖြစ်ပါတယ်။

အခြေအနေအရ မြို့ကို ပြန်ခွင့် မသာသေးပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တကောင်းမြို့ကို သိမ်းပိုက်လိုက်ချိန်မှာ ပြောမပြတတ်အောင် ဝမ်းသာမိတယ်လို့ မအေးမြင့်အောင်အောင်က ပြောပါတယ်။

"တစ်ယောက်ပြီးတစ်ယောက် လာပြောကြတာပေါ့။ တကောင်းကို ရပြီနော်။ အိမ်ပြန်လို့ ရပြီနော်ဆိုပြီး။ (အဲဒီလို) လာပြောတဲ့ အချိန်မှာ စိတ်ထဲမှာ အရမ်း ပြောမပြတတ်အောင် လှိုက်ကနဲ ဝမ်းသာသွားတယ်။ အရမ်း ဝမ်းသာသွားတယ်" လို့ မြို့သိမ်းအောင်ပွဲနဲ့ အိမ်အပြန် အခွင့်အလမ်းအပေါ် ဝမ်းနည်းဝမ်းသာ ခံစားရင်း ရယ်သံတဝက်၊ ရှိုက်သံ တဝက်နဲ့ သူမက ပြောပါတယ်။

455004757_3460293290936139_4664490956959284263_n.jpg

တကောင်းမြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ တွေ့ရတဲ့ မအေးမြင့်အောင်အောင်/Photo - ပေးပို့

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းအောင်ပွဲတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်မြင်တွေ့ ရလာတဲ့အခါ စိတ်ထဲ ငါတို့ နိုင်နေပြီဆိုတဲ့ အတိုင်းမသိ ခွန်အားဖြစ် တက်ကြွစိတ် ဖြစ်ရသလို အဲဒီလို မြို့သိမ်းတိုက်ပွဲတွေအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ပေးနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကိုလည်း လေးစား ဂုဏ်ပြုရတယ်လို့ သူမက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်မီ အရင်တုန်းက အနေအထားအရ တော်လှန်‌ရေးထဲမှာ ရှိနေတဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ အိမ်ပြန်ခွင့်ရဖို့ အရေးအတွက် ခရီးအရှည်ကြီးကို လျှောက်လှမ်းရဦးမယ်လို့ ထင်မှတ်ထားခဲ့ကြရတဲ့ အခြေအနေပါပဲ။ ဒါပေမဲ့ တလှိုင်းပြီးတလှိုင်း မြင့်တက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် တော်လှန်ရေးထိုးစစ် ဒီရေလှိုင်းတွေကြားမှာ လူတိုင်းရဲ့ အိမ်အပြန်ခရီးလမ်းဟာ မဝေးတော့တဲ့ တကယ်အိမ်ပြန်ခွင့်ရတော့မယ့် ခံစားချက်ကို ဖြစ်စေတယ်လို့ မအေးမြင့်အောင်အောင်က ဆိုပါတယ်။

“အရင်တုန်းက အနေအထားဆိုရင်တော့ အိမ်ပြန်ဖို့အတွက်ကို ခရီးအရှည်ကြီး လျှောက်ရမယ်လို့ ထင်ခဲ့ဘူးတာပေါ့။ ဒါပေမဲ့ အခုလိုမျိုး ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်း တခေါက်မှာကျ ကိုယ်က တကယ် အိမ်ပြန်ခဲ့ရတဲ့ ခံစားချက်ပေါ့။ အဲ့ဒါကတော့ ပျော်တယ်” လို့ သူမက ပြောပါတယ်။

တကယ်တော့ နွေဦးတော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်မိသားစု၊ တစ်စုတစ်ဖွဲ့ အိမ်ပြန်ခွင့်ရဖို့ ရည်မှန်းချက်ပြီး ဆင်နွှဲနေတဲ့ တော်လှန်ရေး မဟုတ်ဘဲ လူငယ်တွေ၊ တော်လှန်ရေးထဲ ပါဝင်ပတ်သက်နေသူတွေ၊ ပြည်သူတွေ အားလုံး အိမ်ပြန်ခွင့်ရဖို့ ၊ အားလုံး ပြန်လည်ဆုံစည်းနိုင်ဖို့ ဆင်နွှဲနေတဲ့ အရာပဲဖြစ်ပါတယ်။ ဒါဟာ ဘုံပန်းတိုင်၊ ဘုံရည်မှန်းချက်ပဲ ဖြစ်တယ်လို့ မအေးမြင့်အောင်အောင်က ဆိုပါတယ်။ အဲဒီအတွက် အိမ်ကို မရောက်ရောက်အောင် ပြန်မယ်၊ ပြန်ရမယ် ဆိုတဲ့စိတ် အမြဲရှိတယ်လို့ သူမက ပြောပါတယ်။

“ငါ အိမ်ပြန်ရဖို့ တစ်ခုထဲ မကဘူး။ ကျွန်တော်တို့ လူငယ်တွေ၊ တော်လှန်ရေးမှာ ပါနေတဲ့လူတွေ၊ ကျွန်တော်တို့ ပြည်သူတွေ အကုန်လုံး အိမ်ပြန်ဖို့အတွက်ပဲ။ အဲ့ဒီအတွက်လည်း မရောက်ရောက်အောင်၊ အိမ်ကို မရောက်ရောက်အောင် ပြန်မယ်ဆိုတဲ့ စိတ်က အမြဲရှိတယ်” လို့ မအေးမြင့်အောင်အောင်က ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေးရဲ့ သုံးနှစ်ကျော် ကာလအတွင်း နိုင်ငံတဝန်း မြို့ (၃၅၂)မြို့ ရှိတဲ့အနက် တော်လှန်ရေး အဖွဲ့တွေက မြို့(၇၅)မြို့ကို သိမ်းပိုက်ထားပြီး အာဏာသိမ်း စစ်အုပ်စုဟာ တစ်နိုင်ငံလုံးရဲ့ (၂၈)ရာခိုင်နှုန်း ဝန်းကျင်သာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ပြောပါတယ်။

အလားတူ နိုင်ငံတစ်ဝန်းမှာ ၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေး အဖွဲ့တွေက မြို့တွေ၊ စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေသလို စစ်အုပ်စု မြို့ပြင် မထွက်နိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ ပိတ်လှောင်ထားနိုင်တဲ့ မြို့ (၁၀၅)မြို့အထိ ရှိတယ်လို့လည်း NUG က ဆိုပါတယ်။

photo_2024-08-13_23-31-39.jpg

တကောင်းမြို့ကို ဩဂုတ်(၁၂)ရက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်/Photo - အမှတ်(၁) စစ်ဒေသ

ဒါဟာ ‘ပြန်ဆုံကြမယ်’ လို့ ကတိစကား ရှိထားတဲ့ တော်လှန်ရေးထဲ ပါဝင်ပတ်သက်နေသူ အားလုံးအတွက် အိမ်ပြန်ဖို့ မဝေးတော့တဲ့ ကာလတစ်ခု ဖြစ်ပေမဲ့ ဘယ်လိုမှ ပြန်ဆုံကြဖို့ မဖြစ်နိုင်တော့တဲ့ ပေးဆပ်ခဲ့ကြရသူတွေ အတွက်တော့ အိမ်ပြန်ခရီးက ဘောင်သွင်းထားတဲ့ ဓာတ်ပုံတစ်ပုံလည်း ဖြစ်နိုင်သလို ထောက်ပံ့ငွေကြေးလေး အနည်းအကျဉ်းလည်း ဖြစ်နိုင်ခဲ့တာပါ။

"အဲ့အတွက်တော့ တကယ်လည်း စိတ်မကောင်း ဖြစ်မိတယ်။ သူ‌တို့တွေ အစောကြီး ထွက်ခွာသွားရတော့။ ဒီအချိန် (မြို့သိမ်းပြီး အိမ်ပြန်ချိန်) အထိ ရှိနေမယ်ဆိုရင် (အရမ်းကို) ပျော်ကြရမှာပဲ"လို့ တကောင်းမြို့သိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦး အပါအဝင် အိမ်ပြန်ခွင့် မရတော့ဘဲ ပေးဆပ်ခဲ့ရတဲ့ အခြားသော ရဲဘော်တွေနဲ့ ပတ်သက်လို့ ရဲဘော် မာမီက ဝမ်းနည်းနာကျင်စကား ဆိုပါတယ်။

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ