ရန်သူ စစ်အုပ်စုကို အမဲလိုက် သုတ်သင်နေတဲ့ အမျိုးသမီး - မြောင် TGR တပ်ဖွဲ့က ကျားခင်စိန်

ရန်သူ စစ်အုပ်စုကို အမဲလိုက် သုတ်သင်နေတဲ့ အမျိုးသမီး - မြောင် TGR တပ်ဖွဲ့က ကျားခင်စိန်

MFP ၊ စက်တင်ဘာ - ၂၇

ရိုက်ကူးသူ - ထွန်းတောက်နိုင်

တော်လှန်ရေးကြီး ပြီးသွားရင်တော့ ကျနော့ရဲ့ပုံမှန်စတိုင်အတိုင်းပဲ ဆိုင်လေးဖွင့်မယ်၊ လူငယ်ဘ၀ အပေါင်းအသင်းတွေနဲ့ သွားမယ်လာမယ်၊ ခရီးတွေထွက်မယ် လို့ လက်ထဲက မောင်းပြန်သေနတ်ကို ခပ်ကျစ်ကျစ်ကိုင်ထားပြီး တည်ငြိမ်ရင့်ကျက်နေတဲ့ မျက်နှာအနေအထား ဟန်ပန်နဲ့ လေးလေးနက်နက်ပြောနေသူက ကျားခင်စိန်ပါ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် အခြေစိုက် မြောင် TGR အမျိုးသမီး ဒရုန်းတပ်ဖွဲ့ရဲ့ခေါင်း ဆောင်လည်းဖြစ်တဲ့ အသက်(၂၅)ဝန်းကျင် ကျားခင်စိန်ဟာ လက်နက်မဲ့ ပြည်သူတွေကို ဖိနှိပ်၊သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် စပ်ဆုတ်ရွံမုန်းပြီး တော်လှန်ချင်လာတာကြောင့် အခုလို လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။

လက်နက်ကြီးမပြောနဲ့ ဓားကြီးကြီး ကိုင်ရမှာတောင်ကြောက်ခဲ့သူ ကျားခင်စိန်ဟာ စစ်ကောင်စီတပ်တွေကို တော်လှန်ချင်စိတ်က ပြင်းထန်လွန်းတာကြောင့် တခြား PDF အမျိုးသမီးတွေ နီးတူ နီးရာလက်နက်ကို ဆွဲကိုင်ပြီး တော်လှန်ရေးထဲကို ဝင်လာခဲ့ပါယ်

ဒရုန်းဆိုတာကို ရိုက်ကူးရေးသက်သက်သာ လုပ်လို့ရတယ်လို့ သိထားခဲ့တဲ့ ကျားခင်စိန်ဟာ မြောင် TGR တပ်ကို ရောက်တဲ့အခါမှာမှ ဒရုန်းကတဆင့် အီနာဂါဗုံးချပြီး တိုက်ခိုက်လို့ ရတာသိခဲ့ရတာပါ။ ဒီလိုသိပြီးနောက်ပိုင်း သက်ဆိုင်ရာကျွမ်းကျင်သူတွေ ဆီကနေ တောက်လျှောက်စနစ်တကျ သင်ယူခဲ့တာ အခုဆိုရင် TGR အမျိုးသမီး ဒရုန်းတပ်ရဲ့ ခေါင်းဆောင်တောင် ဖြစ်နေပါပြီ။

ဒရုန်းတပ်မှာ ခေါင်းဆောင်ဖြစ်ဖို့ လေ့လာသင်ယူခဲ့တာတွေကတော့ အများကြီးပဲ၊ အောင်မြင်မှု မှတ်တမ်းတွေကတော့ တော်တော်များများကို ရှိပါတယ်.မှတ်မှတ်ရရ ဩဂုတ်လထဲတုန်းက မုံရွာ-မန္တလေး အမြန်လမ်းမှာ အီနာဂါချခဲ့တာဆိုရင် ဗိုလ်ကအစ သေတယ်ပေါ့နော်.. အဲ့လိုမျိုးတွေကျ တကယ် အားရတယ်။” လို့ ပြောပါတယ်။

ကျားခင်စိန်တို့ ဒရုန်းတိုက်ခိုက်မှုတွေ ပြီးပြီဆိုရင် မြေပြင်မှာ အနီးကပ်သတင်းပေးကြတဲ့ တာဝန်သိ ပြည်သူတွေဆီကနေ စကစအဖွဲ့သား ဘယ်နှယောက်သေလဲ၊ ဘယ်လောက်ထိခိုက်လဲ သိရပါတယ်။ ဒီလိုသိရဖို့ စောင့်နေရတဲ့အချိန်တွေကတော့ ကျားခင်စိန်တို့ တစ်ဖွဲ့လုံးအတွက် ရင်အခုန်ရဆုံး အချိန်တွေပါပဲ။

အခုလို ဒရုန်းကနေတဆင့် အီနာဂါဗုံးသီးချပြီးတိုက်ခိုက်တာတွေ လုပ်လို့ စကစ ဘက်က သေတာ၊ ထိခိုက်ဒဏ်ရာရကြတာတွေနဲ့ ပတ်သက်ပြီး သူ့သဘောထားကို အခုလို ပြောပါတယ်။

သူတို့တုန်းကလည်း လက်နက်မဲ့ပြည်သူကို မငဲ့ညာဘဲ သူတို့အာဏာလေးမြဲဖို့ တိုက်ခိုက်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်။ ကျနော်တို့ပြန်သတ်တဲ့အချိန်ကတော့ ပြည်သူတွေကို ကာကွယ်ဖို့ လုပ်ဆောင်တာဖြစ်တာကြောင့် လုပ်ငန်းအရ ဘယ်လိုမှ မခံစားရပါဘူး။

ကျားခင်စိန် ကိုယ်တိုင် ဦးဆောင်ပြီး တိုက်တဲ့ ဒရုန်းပွဲတွေဟာ တစ်ခါတစ်လေ တစ်ရက်ကို သုံးပွဲ လောက်ထိ ရှိတတ်ပါတယ်။ ဒရုန်းကတဆင့် ဗုံးချတိုက်ခိုက်တာကို ကျားခင်စိန်တို့အဖွဲ့ကတော့ “ပွဲကတယ် လို့ သုံးနှုန်းပါတယ်။

တစ်ခါတလေဆိုရင် တစ်ရက်ကို သုံးပွဲလောက် ကရတယ်။ ပွဲမကရတဲ့ ရက်တွေဆိုရင် ရုံးမှာ မိုင်းလုံးတာ၊ အီနာဂါလုံးတာတွေ လုပ်ရတယ်။ တစ်ခါတစ်လေကျ ဒရုန်းက စက်ချို့ယွင်းတာတွေရှိတယ်၊ စက်ပြင်ပေးတဲ့ ဆရာတွေဘေးမှာ ပြင်တဲ့နည်းတွေ ပညာယူရတယ်။ သူ့ဟာနဲ့သူ တစ်ရက်တစ်ရက် အချိန်ကုန်သွားတာ လို့ ကျားခင်စိန်က တော်လှန်ရေးကာလအတွင်း သူရဲ့တစ်နေ့တာ အချိန်တွေ လည်ပတ်နေပုံကို တက်တက်ကြွကြွ ရှင်းပြပါတယ်။

ကျားခင်စိန်ရဲ့ ပုံစံက တော်တော်လေးကို တည်ငြိမ်ရင့်ကျက်တာကြောင့် သူ့လေသံနဲ့ သူ့ဟန်ပန်တွေက ခန့်မှန်းဖို့ မလွယ်ပါဘူး။ သူဦးဆောင်တဲ့ ဒရုန်းတိုက်ခိုက်မှု အကြောင်းတွေ ပြောနေရရင်တော့ ပါဝါမျက်မှန်အောက်က တည်ငြိမ်နေတဲ့ မျက်လုံးလေးမှာ အရောင်လေးတွေ ဖျတ်ခနဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုအချိန်တွေမှာသာ သူ့ခံစားချက်ကို ခဏလေး မြင်ရတာပါ။

တကယ်တော့ ဒါဟာ ကျားခင်စိန်ရဲ့ ပုံစံအစစ်မဟုတ်ပါဘူး။ မိသားစုထဲမှာ အငယ်ဆုံး ဖြစ်တာကြောင့် မိသားစုအပေါ် ဆိုးနွဲ့တာ၊ အရာတော်တော်များများကို ကြောက်တတ်တာတွေ ရှိခဲ့ပေမယ့် အခုတော့ စိတ်ရောလူရော ပြောင်းသွားခဲ့ပြီ လို့ ကျားခင်စိန်က သူ့အကြောင်းကို ပြန်ပြောပါတယ်။

ကျားခင်စိန် လက်နက်ကိုင်ဖို့ PDF ထဲ ဝင်လာပြီးတဲ့နောက်ပိုင်းမှာ သူ့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ရော စိတ်ပိုင်းဆိုင်ရာ တွေကိုပါ တော်တော်များများကို စွန့်လွှတ်ခဲ့ရပါတယ်။ အဓိကကတော့ မိသားစုပါ။

မိသားစုထဲမှာ အငယ်ဆုံးဖြစ်ပြီး ဆိုးနွဲ့တတ်သူဖြစ်တာကြောင့် နေမကောင်းရင် အိမ်ကို လွမ်းလို့ ခဏခဏငိုတတ်ပါတယ်။ ဒါပေမယ့်လည်း တခြားအသက်ပေးခဲ့ကြပြီးဖြစ်တဲ့ ရဲဘော်တွေ ၊ ခေါင်းဆောင်တွေအကြောင်း ပြန်တွေးပြီး ကိုယ့်ဘာသာကိုယ် အမြဲပြန်အားတင်းရတယ်လို့ ပြောပါတယ်။

တကယ်လို့ ဒီတော်လှန်ရေးအောင်သွားရင် ငါ့အိမ်ကိုငါ အောင်ပွဲနဲ့ပြန်နိုင်မယ် ငါမိသားစုဆီနွေးထွေးစွာ ပြန်လို့ရမယ်၊ ဒါပေမယ့် ကျဆုံးသွားရတဲ့ လေးစားရတဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေ ဆိုရင် အိမ်မပြန်နိုင်ကြတော့ဘူး.သူတို့ထက်တော့ ငါကရှင်သန်ပြီးကျန်နေသေးတာပဲ ဆိုတဲ့ စိတ်နဲ့ မိသားစု ကို လွမ်းစိတ်၊ သံယောဇဉ်တွေကို ဖြတ်ခဲ့တယ်။ လို့ ကျားခင်စိန်က တည်တည်ငြိမ်ငြိမ် ပဲ ပြောပါတယ်။

မိဘတွေစကားကို နားမထောင်ဘဲ အခုလို လက်နက်ကိုင်ဖို့ ထွက်လာခဲ့တာကြောင့် မိသားစုကတော့ သူ့အပေါ် စိုးရိမ်တာရော၊ စိတ်နာတာရော ဖြစ်နေနိုင်တယ် လို့ ပြောပါတယ်။

သေချာတာတစ်ခုကတော့ သူတို့စကားကိုနားမထောင်ခဲ့လို့ သူတို့လည်း စိတ်ကတော့တိုနေကြမှာပဲပေါ့နော်..ကျနော့်ဘက်ကလည်း မဆက်သွယ်ဘူးမို့ မိသားစုခံစားချက်ကတော့ ကျနော်လည်း သိပ်တော့မပြောပြတတ်ဘူး သေချာတာတစ်ခုကတော့ နှစ်မျိုး ဒွန်တွဲနေမှာပါပဲစိတ်ပူတာမျိုးရယ် သူတို့စကားကို နားမထောင်လို့ စိတ်ဆိုးရင်လည်း ဆိုးနေကြမှာပေါ့နော် လို့ ကျားခင်စိန်က လုပ်ချင်တာလုပ်ခဲ့ပြီးတဲ့ အငယ်ဆုံးသမီးတွေ ထုံးစံအတိုင်း အေးအေးစက်စက်လေသံနဲ့ပဲ မိသားစုအကြောင်းကို ပြန်ပြောနေပါတယ်။

တပ်ထဲမှာ ခေါင်းဆောင်လည်း ဖြစ်လို့ အေးစက်တည်ငြိမ်တဲ့ မျက်နှာ၊လေသံ၊ဟန်ပန်တွေနဲ့ နေနေရပေမယ့်လည်း ကျားခင်စိန်ဟာ ရင်ဘတ်ထဲမှာတော့ သူ့အမေကို အရမ်းကို သတိရပြီး လွမ်းနေပါပြီ။

အဓိကက အမေပေါ့၊ ကျန်းမာရေးဂရုစိုက်ပါ။ ဒီမှာ တော်လှန်ရေးဆိုတဲ့ စိတ်နဲ့သာ နေနေတာ တကယ်တော့ အမေ့ကို လွမ်းတယ်၊ ဒါကြောင့် အမေနဲ့အကိုတွေ အကုန်လုံး ကျန်းကျန်းမာမာနဲ့ နေကြပါ လို့ ဘယ်ဘက်လက်မောင်းမှာ ပိုက်ထားတဲ့ မောင်းပြန်သေနတ်ကို သူ့အမေရဲ့ ခါးအမှတ်နဲ့ ဖက်ကာ ဖက်ကာ ပြောနေတယ်။

ကျားခင်စိန်လိုပဲ တောတွေထဲမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ PDF ရဲဘော်တွေဟာလည်း အမေ့အိမ်ကို လွမ်းနေကြပြီမို့ အားလုံးကိုယ့်အိမ်တွေကိုယ် အသီးသီးပြန်နိုင်ကြဖို့ ပြည်သူတွေ ဝိုင်းဝန်းပါဝင်ပြီး ကူညီပေးကြဖို့ သူက အခုလို တောင်းဆိုပါတယ်။

အခုကျနော်တို့လို အိမ်ကို စွန့်လာတဲ့ ရဲဘော် ရဲဘက် ပီဒီအက်ဖ်လေးတွေ  တောထဲမှာ ရှိကြတယ် ဒီပီဒီအက်ဖ်လေးတွေ အကုန်လုံးက အိမ်ကိုလွမ်းနေကြပြီဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းက ကျနော်တို့တွေကို ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်။ ”

ကြက်မတွန်လို့ မိုးမလင်းဘူး ဆိုတဲ့ ရှေးစကားရှိခဲ့တယ်ဆိုပေမယ့်လည်း “ပုခက်လွှဲသောလက်သည် ကမ္ဘာကို အုပ်စိုးနိုင်ရမည် ဆိုတဲ့ ဆိုရိုးလည်းရှိတာကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှာရှိကြတဲ့ အမျိုးသမီးတွေအားလုံးက ပါဝင်ပြီးသက်သေပြပေးကြဖို့ ကျားခင်စိန်က အမျိုးသမီးထုကို ဆော်ဩပါတယ်။

ဒီတော်လှန်ရေးကြီးပြီးသွားခဲ့ရင်တော့ ကျားခင်စိန် ဖြစ်ချင်တဲ့ဆန္ဒက ရိုးရိုးရှင်းရှင်းလေးပါ။

တော်လှန်ရေးမဖြစ်ခင် အချိန်တွေကလို ကိုယ်ပိုင်အလုပ်လေးလုပ်ရင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေမယ်။ အရမ်းပင်ပန်းလာရင် ပြင်ဦးလွင်ဘက်တက်မယ်၊ သေချာတာကတော့ တော်လှန်ရေးကြီး ပြီးသွားရင် ကျနော် အနားယူအုန်းမယ်” လို့ ပြောနေတဲ့ မက်စ်အုပ်ထားတဲ့ ကျားခင်စိန်ရဲ့ မျက်နှာပေါ်ကို မျှော်လင့်ချက်အလင်းမျှင်လေးတွေ ဖျတ်ခနဲ ပြေးသွားတယ်။

သူ့ရဲ့ အရင်လို လူနေမှု ဘဝလေး ပြန်ကိုရရမယ်ဆိုတဲ့ ယုံကြည်ချက်တွေကလည်း မျက်နှာမှာ အထင်းသားပေါ်နေတယ်။ 

========================================================

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ