မန္တလေး မြောက်ပြင်ဘက်မှာ နေအိမ်တစ်လုံးကို စစ်အုပ်စု ဝင်စီး၊ UG လူငယ်အချို့ အဖမ်းခံလိုက်ရ

မန္တလေး မြောက်ပြင်ဘက်မှာ နေအိမ်တစ်လုံးကို စစ်အုပ်စု ဝင်စီး၊ UG လူငယ်အချို့ အဖမ်းခံလိုက်ရ

MFP ၊ ဩဂုတ် - ၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ၈၆ လမ်းနဲ့ ၈ လမ်းဝန်းကျင်မှာရှိတဲ့ နေအိမ်တစ်လုံးကို ဒီနေ့ ဩဂုတ်လ (၁)ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲဒီအိမ်မှာ နေထိုင်ကြတဲ့ လူငယ် (၁၀)ဦးဝန်းကျင်ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြပြီး အဖမ်းခံရသူတွေထဲ မန္တလေးမြို့ပေါ်မှာ တိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တဲ့ Myanmar Return Ranger Force-MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေလည်း ပါသွားတယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

ဗိုလ်အောင်မြေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၂)ရက်တုန်းကလည်း မစ်ရှင်လုပ်ချိန် ဖုန်းကျန်ရစ်ခဲ့ပြီး စစ်အုပ်စုလက်ထဲရောက်သွားတဲ့အတွက် အကောင့်နဲ့ ပေ့ချ်တို့ကို စစ်အုပ်စုက ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ ဗိုလ်အောင်မြေအပါအဝင် ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ဖမ်းခံရသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို လက်ရှိမှာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ဖွယ်ရှိတဲ့အတွက် သူတို့နဲ့ အချိတ်အဆက်ရှိသူများ သတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။

အလားတူ ဒီနေ့ နေ့လယ် (၁၂)နာရီဝန်းကျင်မှာလည်း ၈၅ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားမှာရှိတဲ့ စျေးဆိုင်တစ်ခုက လူငယ်တစ်ယောက်ကို နာမည်မေးပြီး စစ်အုပ်စုက ဖမ်းဆီးသွားသေးတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗိုလ်အောင်မြေ ဦးဆောင်တဲ့ MRRF အဖွဲ့ဆိုတာက Myanmar Revolution Ranger Force ဆိုတဲ့နာမည်နဲ့ အရင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနှစ်သင်္ကြန်ကာလအပြီးမှာ စစ်တပ်ပိုင် မြဝတီဘဏ်၊ စစ်အုပ်စုထောက်တိုင်အဖြစ် သတ်မှတ်ခံထားရတဲ့ ကမ္ဘောဇဘဏ်နဲ့ ATM၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ပျူစောထီးတွေ ရှိတဲ့ မီးတပ်ရုံး စတာတွေကို တိုက်ခိုက်ရေးလုပ်ဆောင်ရာမှာ Mother Son Mandalay Force၊ Kings Cobra Guerilla Force- MDY တို့နဲ့အတူ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သူတို့ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က မန္တလေးမှာ ရမ်းကားသောင်းကျန်းနေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #UG #မြို့ပြပြောက်ကျား #အဖမ်းခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ