မုံရွာ FFP တပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်းတွေ ဆုံးရှုံး၊ စစ်အုပ်စုက ဓာတုဗုံး အသုံးပြုတာကြောင့် မူးဝေအော့အန်ပြီး မပြေးနိုင်ဘဲ ကျဆုံးရတာလို့ဆို၊

မုံရွာ FFP တပ်ဖွဲ့စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံးကာ လက်နက်ခဲယမ်းတွေ ဆုံးရှုံး၊ စစ်အုပ်စုက ဓာတုဗုံး အသုံးပြုတာကြောင့် မူးဝေအော့အန်ပြီး မပြေးနိုင်ဘဲ ကျဆုံးရတာလို့ဆို၊

MFP ၊ အောက်တိုဘာ - ၂၂

မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ(၄) Fight For People - F.F.P ရဲ့ အခြေစိုက်စခန်း ဒီမနက် (၆)နာရီမှာ ရုတ်တရက် စီးနင်းခံရပြီး စစ်အုပ်စုက ဓာတုဗုံးအသုံးပြုကာ ပစ်ခတ်တဲ့အတွက် ရဲဘော်တစ်ဦး မူးဝေအော့အန်ကာ မပြေးနိုင်တော့တဲ့အချိန် ဖမ်းဆီး သတ်ဖြတ် ခံလိုက်ရတယ်လို့ FFP တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၂)ရက် မနက်(၆)နာရီမှာ FFP တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်း စီးနင်းခံရတာ ဖြစ်ပြီး စစ်အုပ်စုက ဓာတုဗုံး အသုံးပြုခဲ့တယ်လို့ FFP ပြန်ကြားရေးတာဝန်ခံက အခိုင်အမာ ပြောကြားပါတယ်။

"မနက်(၆)နာရီလောက် စခန်းဝင်စီးခံရတယ်။ အဲဒါကို လက်နက်ကြီးနဲ့ ခုခံတယ်။ နှစ်ယောက် ထိတယ်။ အသေစားဒဏ်ရာမို့ တွဲခေါ်ပြီး ဆုတ်လာချိန် ဓာတုဗုံးက ငါးယောက်ကြား ကျတာ။ ငါးယောက်စလုံး မူးဝေ့အန်အော့ပြီး ဆက်တွဲမခေါ်နိုင်တော့ဘူး။ တွဲခေါ်နေရင်း ဓာတုဗုံးကျတာဆိုတော့ကျတဲ့ ရဲဘော်က ကျန်နေခဲ့တာ။ နယ်မြေရှင်းလင်းမှ အလောင်းရတာဗျာ" လို့ FFP ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

စစ်အုပ်စု အသုံးပြုတဲ့ ဗုံးဟာ ရိုးရိုးဗုံးမဟုတ်ဘဲ မူးဝေအော့အန်ပြီး အားအင်ကုန်ခမ်းစေတယ်လို့ ဆိုပါတယ်။

မူးဝေအော့အန်ပြီး မပြေးနိုင်တော့တဲ့အချိန် စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ရဲဘော်ဟာ အသက်(၁၉)နှစ်အရွယ် ရဲဘော် ဝေယံ ဖြစ်ပြီး ၎င်းအတွက် ဝမ်းနည်းကြောင်း FFP က ထုတ်ပြန်ပါတယ်။

"ရဲဘော်ကိုဝေယံ (အသက်-၁၉)သည် ( ၂၂ - ၁၀ - ၂၀၂၂ )ရက်တွင် စခန်းဝင်စီးသည့် စစ်ကြောင်းအား ခုခံနေစဉ်အတွင်း စကစ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရကာ စကစဘက်မှ နောက်ထပ် ပစ်ခတ်သည့် ဓာတုလက်နက် ထိမှန်ပြီး မပြေးနိုင်ဘဲ ဖမ်းဆီး လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီး နိုင်ငံတော်အတွက် အသက်ပေး၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသဖြင့် ကျွန်ုပ်တို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း -၄ အနေဖြင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဆိုနင့်ကြေကွဲ ဝမ်းနည်းရပါသည်။ အာဇာနည်ရဲဖော် ဆောင်ရွက်လက်စဖြစ်သေ ာစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး တာဝန်များကို ကျန်ရစ်သော ကျွန်ုပ်တို့ ရဲဖော်များက ဆက်လက် ထမ်းဆောင်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" လို့ CAF က ဖော်ပြပါတယ်။

စခန်း စီးနင်းခံရမှု ဖြစ်စဉ်မှာ (၄၀မမ) ခုနှစ်လက်၊ Shot-Gun နှစ်လက်နှင့် စခန်းတဲ နှစ်လုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

FFP တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာ သာစည်ထောင်ကို ဆောက်လုပ်နေတဲ့ ဗိုလ်လေးအဆင့် စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်း တစ်ယောက်ကို ဖမ်းဆီး အရေးယူနိုင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #CAF #FFP #ဓာတုဗုံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ