စစ်အုပ်စု သောင်းကျန်းလို့ ရေစကြိုနယ် ရေလည်ကျွန်းဒေသ မင်းရွာက စစ်ပြေးနေရတဲ့ ပြည်သူများ

စစ်အုပ်စု သောင်းကျန်းလို့ ရေစကြိုနယ် ရေလည်ကျွန်းဒေသ မင်းရွာက စစ်ပြေးနေရတဲ့ ပြည်သူများ

MFP ၊ အောက်တိုဘာ - ၂

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ ကျေးရွာထဲ စစ်အုပ်စုက လွန်ခဲ့တဲ့ နှစ်လကျော်က စတင်ပြီး စီးနင်းတပ်စွဲကာ ဒေသခံ ပြည်သူတွေကို အနိုင်ကျင့် ရန်ပြု အကြမ်းဖက် သောင်းကျန်းနေတာကြောင့် ဒေသခံတွေ ရွာမှာ မနေဝံ့ဘဲ စစ်ပြေး နေရပါတယ်။

“ရေစကြို၊ ရေလည်ကျွန်းဒေသ မင်းရွာ စခများ ဝင်ရောက်သည့် အတွက် မင်းရွာ နေရင်း ပေါက်တော ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ စစ်ရှောင်နေရပါသည်။ နှစ်လနှင့် ခုနှစ်ရက်ကြာ စစ်ရှောင်နေရသော ပြည်သူများရဲ့ ဘဝ။ စစ်ရှောင်နေရသော မိသားစုများ အနက်မှ တောထဲ ရှောင်နေရတဲ့ မိသားစုအချို့ ပုံတွေ ဖြစ်ပါတယ်။ အစားအသောက်အတွက် ငါးဖမ်းနေရတယ်။ အမျိုးသမီးတွေက ဆေးလိပ်ဖင်စီခံ လုံးနေရတယ်။ အမိုးအကာမရှိ။ သစ်ပင်အောက်မှာနေရ မြေအစိုပေါ်မှာ ပလပ်စတစ်အကြည်လေးတွေ အုပ်မိုးပြီး နေကြတယ်။ မိသားစု (၆၀)ကျော်လောက် တောထဲ၊ ကျွန်းထဲ နေကြရတယ်။ ပြည်သူက ပြည်သူကို စောင့်ရှောက်ဖို့ လိုအပ်နေပါတယ်” လို့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ ဦးမင်းစစ်နိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

စစ်အုပ်စုဟာ မင်းရွာကျေးရွာ အပါအဝင် ရေလည်ကျွန်း ဒေသထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ပြေးနေရပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း ရေစကြိုနယ် ရေလည်ကျွန်းဒေသ ငတရော်၊ လှေခုတ်နှင့် မီးလောင်ကျွန်း ရွာတွေကို ရွာလုံးကျွတ် လုယက် မီးရှို့လို့ အနည်းဆုံး အိမ်ခြေ (၇၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

စစ်အုပ်စုဟာ လက်ရှိအချိန်ထိ မင်းရွာ ကျေးရွာထဲ စီးနင်းအထိုင်ချနေပြီး ဒေသတွင်းရွာတွေကို ထင်တိုင်းကျဲ လုယက် ဓားပြတိုက် အကြမ်းဖက် သောင်းကျန်းနေဆဲ ဖြစ်ပါတယ်။

ရေစကြိုနယ် ရေလည်ကျွန်းဒေသ မင်းရွာက စစ်ပြေးပြည်သူများ/Photo - မင်းစစ်နိုင်

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေစကြို #ရေလည်ကျွန်း #ပြည်သူ #စစ်ပြေး #မင်းရွာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ