မြင်းခြံ ကျောက်ပြုတ်အုပ်ကြီး ရှင်းလင်းခံရပြီးနောက် ဒေသခံ (၂၁)ဦးထက်မနည်းကို စစ်အုပ်စု ဖမ်းဆီး

မြင်းခြံ ကျောက်ပြုတ်အုပ်ကြီး ရှင်းလင်းခံရပြီးနောက် ဒေသခံ (၂၁)ဦးထက်မနည်းကို စစ်အုပ်စု ဖမ်းဆီး

MFP ၊ ဩဂုတ် - ၅

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက စကစခန့် အုပ်ချုပ်ရေးမှူး မောင်မြင့်နဲ့ သတင်းပေး ပျူစောထီး မောင်နိုင်တို့ကို ဩဂုတ်လ (၃)ရက်နေ့ ညပိုင်းက ရှင်းလင်းခံရပြီးတဲ့နောက် စစ်အုပ်စုဟာ ဒေသခံ (၂၁)ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၄)ရက် ညသန်းခေါင်အချိန်မှာ ကျောက်ပြုတ်ရွာက (၁၂)ဦးနဲ့ လယ်သစ်ရွာက (၉)ဦးတို့ထက်မနည်း ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီထဲမှာ အုပ်ကြီးအိမ်အနီးက မိသားစုသုံးယောက်လည်း ပါတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး အများစုဖြစ်တယ်လို့လည်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။

ကျောက်ပြုတ်အုပ်ကြီးနဲ့ ပျူစောထီးတို့ဟာ ကျောက်ပြုတ်ရွာနဲ့ လယ်သစ်ရွာကြားမှာ သေနတ်နဲ့ လေးချက်စီအပစ်ခံရပြီး ရှင်းလင်းခံရတာဖြစ်ကာ သူတို့ဆီက ဗုံးသီးတစ်လုံး၊ ဓားတစ်ချောင်းနဲ့ လေးခွတစ်ခုတို့ကို သိမ်းဆည်းခဲ့တယ်လို့ မြင်းခြံ MGPDF က ထုတ်ပြန်ထားပါတယ်။

မြင်းခြံခရိုင်မှာ ဩဂုတ်လ (၁)ရက်က ငါန်းဇွန်မြို့နယ် စီကောင်းရွာ အုပ်ချုပ်ရေးမှူး ဦးသိန်း၊ ဩဂုတ်လ (၂)ရက်မှာ တောင်သာမြို့နယ် နန်းမြင့်ရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်း၊ ဩဂုတ်လ (၃)ရက်မှာ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာအုပ်ချု့်ရေးမှူး မောင်မြင့်တို့ ဆက်တိုက် အသတ်ခံနေရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူပဲ ငါန်းဇွန် စီကောင်းရွာအုပ်ကြီး ရှင်းလင်းခံရပြီးနောက် ဘုံသာနဲ့ ရွာသစ်ကုန်းက ဒေသခံ (၉)ဦးကို စစ်အုပ်စုက ဖမ်းဆီးထားကာ တောင်သာ နန်းမြင့်အုပ်ကြီး ရှင်းလင်းခံရပြီးနောက်မှာလည်း စစ်အုပ်စုက ရွာထဲကို အင်အား (၃၀)ခန့်နဲ့ မွှေနှောက်သောင်းကျန်းလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

မြင်းခြံခရိုင်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး နုတ်ထွက်ပေးကြဖို့ တောင်သာအခြေစိုက် TTA - Guerrilla Army က သတိပေးထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ဒေသခံဖမ်းဆီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ