သပိတ်ကျင်းမှာ စစ်အုပ်စုကို ပဒေသာမိုင်းတွဲနဲ့ နှစ်ကြိမ် ဖောက်ခွဲ၊ စကစ (၃၀)ကျော် သေဟုဆို၊

သပိတ်ကျင်းမှာ စစ်အုပ်စုကို ပဒေသာမိုင်းတွဲနဲ့ နှစ်ကြိမ် ဖောက်ခွဲ၊ စကစ (၃၀)ကျော် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၇

လက်ယက်ကုန်းက ကျောင်းသားကလေးငယ်တွေ သတ်-ဖြတ်ခံရမှု ဖြစ်စဉ် လက်တုန့်ပြန်တဲ့ အနေနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို မနေ့က မနက်ပိုင်း ပဒေသာမိုင်းတွဲနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၃၄)ယောက် သေပြီး (၁၇)ယောက် ဒဏ်ရာရသွားတယ်လို့ သပိတ်ကျင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၂၆)ရက် မနက်(၇)နာရီက သပိတ်ကျင်းမြို့နယ် ဖက်ရှည်ရွာအနီး စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့ စကစ အင်အား (၇၀)ခန့်ကို မိုင်းကွင်းပေါ် ရောက်ချိန် ပဒေသာမိုင်း ရှစ်လုံးတစ်တွဲ၊ ခြောက်လုံးတစ်တွဲနဲ့ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လွန်ခဲ့သော နှစ်ရက်က စခများသည် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်အတွက် စစ်ကြောင်း သုံးကြောင်းဖြင့် လာရောက်ခဲ့ပြီး ယခုစစ်ကြောင်းမှာ အင်အား (၇၀) ခန့်ဖြင့် ဖက်ရှည်ရွာသို့ ကားဖြင့် ရောက်လာကြပြီး သံပုရာချပ် (ရွှေတူးဖော်ရေး) လုပ်ကွက်ဆီသို့ စစ်ကြောင်းထိုးရန် ကားပေါ်မှ ဆင်း၍ ခြေလျင် လျှောက်လာပြီး (၁၀)မိနစ်ခန့် အချိန်တွင် စခ ခုနှစ်ကောင်ခန့် ပထမမိုင်းကွင်းကို ကျော်၍ ကျန်စခများ မိုင်းကွင်းပေါ် ရောက်ရှိနေချိန် ဖေါက်ခွဲပြီး ကျော်သွားသော စခများ ဒုတိယ မိုင်းကွင်းပေါ် အရောက်ထပ်မံ ဖေါက်ခွဲခဲ့သည်။ မိုင်း ရှစ်လုံးတစ်ကြိမ်၊ ခြောက်လုံးတစ်ကြိမ် စုစုပေါင်း မိုင်း (၁၄)လုံး ဖောက်ခွဲတိုက်ခိုက်ရာ စခ များမှာ သေနတ်တစ်ချက်လေးတောင် မဖောက်နိုင်ပဲ စခ(၃၄) ကောင် နေရာမှာတင် သေဆုံးပြီး (၁၇) ကောင် အပြင်းအထန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်” လို့ ဗိုလ်လင်းယုန် တပ်ဖွဲ့က ဖော်ပြပါတယ်။

မိုင်းဆွဲခံရပြီးနောက် မနက်(၁၀)နာရီမှာ နာရေးကား လေးစီးနဲ့ စကစ အလောင်းနှင့် ဒဏ်ရာရသူတွေကို ကျောက်ကြီး စစ်ဆေးရုံဘက် သယ်သွားတယ်လို့လည်း ဆိုပါတယ်။

“ထိုနောက် အင်အား အလုံးအရင်းဖြင့် ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းထိုး၍ ၎င်း စစ်ကြောင်းမှာ ဖက်ရှည်ကျေးရွာမှ လမ်းသွားလမ်းလာများနှင့် နေအိမ်အတွင်းမှ ပြည်သူများကို ဖမ်းဆီး၍ ဖက်ရှည်ကျေးရွာကိုလည်း မီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ရွာနေပြည်သူများမှာ စိုးရိမ် ကြောက်ရွံ့နေကြောင်း သိရှိရသည်။ မိမိတို့ ဗိုလ်လင်းယုန်တပ်ဖွဲမှ ရွှေလက်ပိုင်ရှင်များလည်း ဘေးလွတ်ရာသို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်” လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖော်ပြပါတယ်။

ပြင်ဦးခရိုင် ခရိုင် ပကဖ၊ သပိတ်ကျင်းမြို့နယ် အခြေစိုက် ဗိုလ်လင်းယုန် တပ်ဖွဲ့အနေနဲ့ အထက်ပါ ဖက်ရှည်ရွာအနီး မိုင်းဆွဲ တိုကခိုက်မှုကို လက်ယက်ကုန်းဖြစ်စဉ်အတွက် လက်တုန့်ပြန်တိုက်ခိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဗိုလ်လင်းယုန် တပ်ဖွဲ့ဟာ သပိတ်ကျင်းနှင့် စဉ့်ကူးနယ်ထဲ စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး စက်တင်ဘာ (၁၈)ရက် ညနေပိုင်းကလည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အနီးက ရွှေလုပ်ကွက်တွေဘက် ကားတစ်စီးနဲ့ လာရောက်တဲ့ (၁၃)တပ် ခေါ် အမှတ်(၁၃) တန်းမြင့် လေးကျင့်ရေးတပ်က လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဉ်မောင်း စစ်သားတစ်ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ သုံးဦးလုံး သေပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုမှာ (MA-3) သေနတ်နှစ်လက်၊ (MA-1) သေနတ်တစ်လက်၊ ကျည်နှင့် ဗုံးသီးတွေ သိမ်းဆည်း ရရှိခဲ့ပေမယ့် (MA-3) သေနတ်တစ်လက်နှင့် (MA-1) တစ်လက်မှာ ကျည်ဆံထိမှန်ပြီး ချို့ယွင်းခဲ့ရတယ်လို့ ဗိုလ်လင်းယုန် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ (၁၈)ရက်က တိုက်ခိုက်မှုမှာ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေ/Photo - ဗိုလ်လင်းယုန် တပ်ဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #ဗိုလ်လင်းယုန် #ဖက်ရှည်ရွာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ