ရွေးကောက်ပွဲနေ့ ပါတီရုံးရှေ့ လူစုလူဝေးဖြစ်ဆိုပြီး NLD မန္တလေးတိုင်း အတွင်းရေးမှူးကို စစ်အုပ်စုက ထောင်နှစ်နှစ် ထပ်ချ၊ အမှု နှစ်မှုအတွက် ထောင်လေးနှစ် ချမှတ်ခံရ၊

ရွေးကောက်ပွဲနေ့ ပါတီရုံးရှေ့ လူစုလူဝေးဖြစ်ဆိုပြီး NLD မန္တလေးတိုင်း အတွင်းရေးမှူးကို စစ်အုပ်စုက ထောင်နှစ်နှစ် ထပ်ချ၊ အမှု နှစ်မှုအတွက် ထောင်လေးနှစ် ချမှတ်ခံရ၊

MFP ၊ စက်တင်ဘာ - ၅

ရွေးကောက်ပွဲ ကျင်းပတဲ့ ၂၀၂၀ နိုဝင်ဘာ(၈)ရက် ညပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ (၆၂)လမ်းပေါ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်း ရုံးရှေ့မှာ လူစုလူဝေး ဖြစ်ခဲ့ရာမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကို ကို စစ်အုပ်စုက သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲပြီး ထောင် နှစ်နှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၅)ရက်မှာ မန္တလေးမြို့ အိုးဘို ထောင်တွင်း တရားရုံးကနေ NLD ပါတီ မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကို ကို ထောင်ဒဏ် နှစ်နှစ် ထပ်မံ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

“NLD တိုင်းရုံးရှေ့ လူစုလူဝေးကို မဖြိုခွဲခြင်း၊ ရဲစခန်းကို လာရောက်တိုင်ကြားခြင်းလည်း မရှိခြင်းကြောင့် အပြစ်ရှိတယ်ဆိုပြီး အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် ထပ်ချတာ” လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ(၁)ရက်ကတည်းက NLD ပါတီ မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကို ကို ဖမ်းဆီးထားတာ ဖြစ်ပြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က) အမှုနှစ်မှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ပထမအမှုအဖြစ် မန္တလေးကျုံးဘေးမှာ ပြုလုပ်ခဲ့တဲ့ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲမှာ လူစုလူဝေး ဖြစ်တယ်ဆိုပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် တိုင်းအစိုးရ ဝန်ကြီးတွေနဲ့အတူ ဦးတင်ကိုကို ကို စစ်အုပ်စုက တရားစွဲခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NLD #သဘာဝဘေးစီမံ #ဦးတင်ကိုကို 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ