ဒီပဲယင်း လက်ယက်ကုန်းရွာက ကျောင်းသား ကလေးငယ်တွေကို စစ်အုပ်စုက သတ်-ဖြတ်မှု အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်၊

ဒီပဲယင်း လက်ယက်ကုန်းရွာက ကျောင်းသား ကလေးငယ်တွေကို စစ်အုပ်စုက သတ်-ဖြတ်မှု အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၂၅

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တွေကို စစ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ နာရီဝက်ကျော်ကြာ ပစ်ခတ် သတ်-ဖြတ်ခဲ့ပြီး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားမှုနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်းတိုင်း၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန က ဒိနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၆)ရက်က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တွေ စာသင်နေတဲ့ ကျောင်းကို ရဟတ်ယာဉ်တွေနဲ့ အင်အား သုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်-ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကို ကျူးလွန်သူတွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ -၁၀) လက်အောက်ခံ ခြေမြန်တပ်ရင်း တပ်မ (၃၆၈) က အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စကခ (၁၀) ဟာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တည်ရှိပြီး လက်ရှိ စကခ (၁၀)ရဲ့ ဌာနချုပ်မှူးက ဗိုလ်မှူးချုပ် အဆင့် ကျော်ကျော်ဦး (အလသ-၂၁) ဖြစ်တယ်လို့ ဝီကီပီဒီးယားမှာ ဖော်ပြပါတယ်။

အဲ့ဒီ စစ်အုပ်စုက ကျောင်းသားကလေးငယ်တွေ စာသင်နေတဲ့ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်-ဖြတ်၊ ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မှာ ဒီနေ့အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ (၁၂) ဦး ရှိပြီး သေဆုံးသူတွေထဲ (၁၆) နှစ်အောက် ကလေးငယ် ခုနှစ်ဦး ပါဝင်တယ်လို့ NUG ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူလုထုကို သတ်ဖြတ်ရုံသာမက အပြစ်မဲ့ ပြည်သူ (၁၅) ဦးကိုလည်း ဖမ်းဆီးသွားပြီး ထိုအထဲတွင်လည်း အသက်မပြည့်သေးသူ ကလေးငယ်(၇) ဦး ပါဝင်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၊ စစ်ရေးဆိုင်ရာ ဥပဒေ စသည်တို့ကို ပေါ်ပေါ်ထင်ထင်နှင့် အဆက်မပြတ် ကျူးလွန်နေကြောင်း ၎င်းတို့ ကျုးလွန်နေသော အဖြစ်အပျက်များက အတိအကျ သက်သေခံလျက်ရှိသည်” လို့ NUG ဝန်ကြီးဌာနက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ကလေး၊ လူကြီး မရွေး ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်-ဖြတ်တာ၊ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ပြီး သတ်-ဖြတ်တာ၊ အစုလိုက် အပြုံလိုက် သတ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စာသင်နေတဲ့ ကျောင်းသား ကလေးငယ်တွေနှင့် ဒေသခံတွေကို စစ်အုပ်စုက ရည်ရွယ်ချက် ရှိရှိ ရဟတ်ယာဉ်နဲ့ ပစ်ခတ် သတ်-ဖြတ်ခဲ့မှု အသေးစိတ် အချက်အလက်များ/ Ref – NUG

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #လက်ယက်ကုန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ