မြောင်အမျိုးသမီး စစ်သည်တော် တပ်ဖွဲ့ -M2W ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ၊

မြောင်အမျိုးသမီး စစ်သည်တော် တပ်ဖွဲ့ -M2W ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ကျင်းပ၊

MFP ၊ အောက်တိုဘာ - ၂၇

စစ်ကိုင်းတိုင်း မြောင်မြို့နယ် အခြေပြု မြောင်အမျိုးသမီး စစ်သည်တော် - Myaung Women Warriors - M2W တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ(၂၆)ရက်က ကျင်းပခဲ့တယ်လို့ M2W က သတင်း ထုတ်ပြန်ပါတယ်။

အခမ်းအနားကို မဟာမိတ်တပ်ဖွဲ့တွေ၊ ဒေသခံ တော်လှန်ရေး အင်အားစုတွေ တက်ရောက်ခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါ်အိသဉ္ဇာမောင် က ဂုဏ်ပြု သဝဏ်လွှာပေးပို့ ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း - M2W အနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

"ကျုပ်တို့ဟာ အညာသူတွေပဲ ကောက်ရိတ်ပျိုးနုတ်ပြီး သီချင်းတကြော်ကြော် အော်လို့ လယ်ကွင်းတွေ၊ ပဲခင်းတွေထဲ ပျော်မွေ့ခဲ့တဲ့ ရိုးရှင်းတဲ့ အညာသူတွေပဲ။ ဒါပေမဲ့ ခေတ်စနစ်နဲ့ လိုအပ်လာတဲ့ အခြေအနေအရ ကောက်ရိတ်ရတဲ့ အညာသူတွေရဲ့ လက်တွေဟာ သေနတ်တွေကို သယ်လို့ ပြောင်းဝကို ရန်သူ့ဘက်ကိုလှည့်လို့ အမျိုးသမီး တပ်ရင်းတစ်ခုကို မနှစ်က ဒီလိုနေ့ရက်မှာ စတင်ဖွဲစည်းခဲ့တယ်။ ဟုတ်ပါတယ်။ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးအစိုးရရဲ့ တစ်ခုတည်းသော အမျိုးသမီးတပ်ရင်းပဲ၊ ရှေးရိုးစွဲ အယူအဆတွေ သိပ်များတယ်ဆိုတဲ့ အညာဒေသမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေတန်းတူ တပ်ရင်းတစ်ခု ဖွဲလို့ရန်သူကို ချေမှုန်းနိုင်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြနိုင်ခဲ့တာပါပဲ။ စစ်ကိုင်းမြေက မိုင်းတွေမှာ ကောက်ရိတ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ လက်ဗွေရာတွေအပြည့်ပေါ့။ အမျိုးသမီးစစ်သည်တော်တပ် တစ်ခု ဖြစ်လာဖို့ အတိုက်အခိုက်တွေ၊ အတားအဆီးတွေ၊ သွေးထိုးမှုတွေကို အန်တုရင်း ဟောဒီနှစ်ချီကြာလာတဲ့ နွေဦးတော်လှန်ရေးမှာ အညာမြေအောင်နိုင်ရေးအတွက် ညီနောင် မဟာမိတ် တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်။ အမျိုးသမီးတွေပေမယ့် ဝရိန်ဆော်ခဲ့ကြတယ်၊ ကျောက်ဆက်ဖြတ်ခဲ့ကြတယ်၊ လက်လုပ်မိုင်းတွေအတွက် ဝံ့ကြွားနိုင်ခဲ့ကြတယ်" လို့ M2W က ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #အမျိုးသမီး #Myaung_Women_Warriors #မြောင်အမျိုးသမီးစစ်သည်တော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ