ကန့်ဘလူ ကိုးတောင်ဘို့က ရှစ်တန်းကျောင်းသား အပါအဝင် ဒေသခံ(၁၄)ဦးကို စစ်အုပ်စုက ဖမ်းပြီး မီးရှို့ သတ်ဖြတ်၊

ကန့်ဘလူ ကိုးတောင်ဘို့က ရှစ်တန်းကျောင်းသား အပါအဝင် ဒေသခံ(၁၄)ဦးကို စစ်အုပ်စုက ဖမ်းပြီး မီးရှို့ သတ်ဖြတ်၊

MFP ၊ နိုဝင်ဘာ - ၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က ရှစ်တန်းကျောင်းသား အပါအဝင် ဒေသခံပြည်သူ အမျိုးသား (၁၄)ဦးကို စစ်အုက်စုက PDF လို့ စွပ်စွဲကာ ဖမ်းခေါ်သွားပြီးနောက် အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

နိုဝင်ဘာ(၃)ရက်က ကန့်ဘလူမြို့နယ် မြောက်ခြမ်း ကိုးတောင်ဘို့တိုက်နယ်၊ လျှော်ဖြူကုန်းရွာက (၁၃)ဦးနှင့် ဇီးကနားရွာက တစ်ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၁၄)ဦးကို စစ်အုပ်စုက ဖမ်းခေါ်သွားပြီးနောက် နိုဝင်ဘာ(၆)ရက်မှာ မီးရှို့သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

"၎င်း အပြစ်မဲ့ပြည်သူ (၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံတရာမှ မပါဘဲ အကြမ်းဖက် စခများ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ နိုဝင်ဘာ(၆)ရက် ညနေတွင် ဖမ်းဆီးခံရသည့် အပြစ်မဲ့ပြည်သူ(၁၄)ဦးအား အကြမ်းဖက်စခများမှ PDF ဟု စွပ်စွဲကာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်" လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတဲ့ ပြည်သူ (၁၈)ဦးအထိ ရှိခဲ့ပြီး လေးဦး ပြန်လွတ်လာကာ ကျန်တဲ့ (၁၄)ဦးလည်း အသက်ရှင်နေသေးကြောင်း သတင်းတွေ ထွက်နေပေမယ့် ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကမူ ဖမ်းဆီးခံရသူ (၁၄)ဦး အသတ်ခံရကြောင်း မြေပြင်အတည်ပြုချက် ရရှိထားတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ မြေပြင်က အတည်ပြုလို့ တင်ခွင့်ပေးလို့ တင်လိုက်တာပါ။ အသက်ရှင်နေသေးတယ်ဆိုရင် ကာယကံရှင်တွေ နစ်နာမှာစိုးလို့ ကြားထဲမှာ ချန်လှပ်ထားခဲ့တာပါ။ အလောင်းတွေကတော့ မတွေ့နိုင်ဘူးဗျ။ သူတို့ခြေကုပ်နေတဲ့ ခွေးကုန်းမှာ မီးရှို့တာမို့ အလောင်းတော့ မရနိုင်ပါဘူး" လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က MFP ကို ပြောပါတယ်။

ကိုးတောင်ဘို့ရွာမှာ အထိုင်ချထားတဲ့ ခမရ(၃၆၃) တပ်က တောတိုက်ထဲ ထွက်ပြေးနေသူတွေ အပါအဝင် ဒေသခံပြည်သူ (၁၄)ဦးကို ဖမ်းဆီးပြီး ကိုးတောင်ဘို့ရွာအနီးက စစ်အုပ်စု အထိုင်ချနေတဲ့ ကုန်းမှာ မီးရှို့သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီး မီးရှို့သတ်ဖြတ်ခြင်း ခံရသူတွေဟာ ကန့်ဘလူမြို့နယ်၊ လျှော်ဖြူကုန်းရွာက မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(၈)တန်းကျောင်းသား၊ မောင်စိုးစံ(၁၈)နှစ်၊ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ ဦးမိုးဝင်းထွန်း(၃၀)နှစ်၊ ဦးကျော်စိုး(၃၅)နှစ်၊ ဦးဇော်ဇော်(၃၇)နှစ်၊ ဦးမြင့်ဦး(၅၀)နှစ်၊ ဦးဇော်မင်းစိုး(၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ(၃၀)နှစ်၊ ဦးမျိုးအောင်(၂၅)နှစ်နှင့် ဇီးကနားရွာက ဦးထွန်းဦး (၃၅)နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်ပါ ပြည်သူ (၁၄)ဦးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း စစ်လော်ဘီတွေကလည်း ဆိုပြီး "ကောလင်းမှာ ပဒက်ကင် (၁၄)ကင် ရထားတယ်" လို့ တယ်လီဂရမ်မှာ သတင်းဖြန့်ပါတယ်။ နောက်ဆက်တွဲ အလောင်းပုံတွေ တင်မယ်လို့ စစ်လော်ဘီတွေက ဆိုပြီး ပြည်သူတွေကို သတ်ဖြတ်ခံရတာဖြစ်ကြောင်း သတင်းထွက်လာပြီးနောက် စစ်လော်ဘီတွေက အလောင်းပုံတွေကိုတော့ ဆက်လက် ဖော်ပြတာ မရှိတော့ပါဘူး။

ကန့်ဘလူနယ် မြောက်ခြမ်းနှင့် ကောလင်းနယ်ဟာ နယ်မြေချင်း ထိစပ်နေတာ ဖြစ်ပြီး ကိုးတောင်ဘို့ တိုက်နယ်မှာ မန္တလေး - မြစ်ကြီးနား ရထားလမ်းဖြတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ လတွေအတွင်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူစတဲ့ မြို့နယ်တွေမှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီး ညှဉ်းပန်းပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ကန့်ဘလူ #ကိုးတောင်ဘို့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ