တမူးမြို့ လေးမိုင်ဂိတ် စခန်းသိမ်း တိုက်ပွဲမှာ ကလေးမြို့နယ် ပကဖ တပ်ရင်း(၅) တပ်ရင်းမှူးနှင့် BSO တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော်တစ်ဦး ကျဆုံး၊

တမူးမြို့ လေးမိုင်ဂိတ် စခန်းသိမ်း တိုက်ပွဲမှာ ကလေးမြို့နယ် ပကဖ တပ်ရင်း(၅) တပ်ရင်းမှူးနှင့် BSO တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော်တစ်ဦး ကျဆုံး၊

MFP ၊ စက်တင်ဘာ - ၂၁

စစ်ကိုင်းတိုင်း ကလေးခရိုင် တမူးမြို့နယ် လေးမိုင်ဂိတ် စခန်းသိမ်း တိုက်ပွဲမှာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ တပ်ရင်း(၅) တပ်ရင်းမှူး ရဲဘော် လင်းယုန်နှင့် တမူးဒေသ ဗမာ့ကျောင်းသား တပ်မတော် - BSO တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော် ထက်ကြီး ခေါ် ရဲဘော် ဘုန်းသာခန့် တို့ ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းတပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၉)ရက် မနက်ပိုင်းက တမူးမြို့အဝင်က စစ်အုပ်စုရဲ့ လေးမိုင်ဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှာ စကစတွေ အသေအပျောက် ရှိသလို ပြည်သူ့ရဲဘော် နှစ်ဦးလည်း ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

လေးမိုင်ဂိတ် တိုက်ပွဲအတွင်း ကျဆုံးရဲဘော်နှစ်ဦးအနက် BSO ရဲဘော် ထက်ကြီးရဲ့ အလောင်းကို ပြန်လည် သယ်ယူနိုင်ခဲ့ပြီး ကောင်းမွန်စွာ သဲင်္ဂြိုဟ်နိုင်ခဲ့ပေမယ့် ကလေးမြို့နယ် ပကဖ တပ်ရင်း(၅) တပ်ရင်းမှူးရဲ့ အလောင်းကို ပြန်လည် သယ်ယူနိုင်တာ မရှိခဲ့ဘူးလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ဆိုပါတယ်။

BURMESE STUDENTS ORGANIZATION (Tamu) – BSO တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော် ထက်ကြီး ခေါ် ဘုန်းသာခန့်ဟာ စစ်အုပ်စုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်ရင်း စစ်မြေပြင်မှာ ကျဆုံးခဲ့တာလို့ ရဲဘော်ရဲဘက်တစ်ဦးက လူမှုကွန်ယက်မှာ ဂုဏ်ပြု ရေးသားပြီး ကောင်းရာသုဂတိ လားစေဖို့ တောင်းဆုပြု ထားပါတယ်။

“ကလေးမြို့နယ် ပကဖ တပ်ရင်း(၅)မှ တပ်ရင်းမှူးသည် တာဝန်အရ တမူးမြို့နယ်သို့ ရောက်ရှိနေစဉ် စက်တင်ဘာ(၁၉)ရက်တွင် ဖြစ်ပွါးသော (၄)မိုင်ဂိတ် စခန်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ကလေးမြို့နယ် ပကဖ အနေဖြင့် မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါသည်။ မပြီးဆုံးသေးသည့် အာဏာရှင် တော်လှန်ရေးကို ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ရဲဘော်ကြီး မျှော်လင့်တောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မရောက်ရောက်အောင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကလေးမြို့နယ် ပကဖ အနေဖြင့် ကတိပြုရင်း အလေးပြုပါသည်။ ရဲဘော် ကောင်းရာ သုဂတိ လားပါစေ” လို့ ကလေးမြို့နယ် ပကဖ က ဖော်ပြပါတယ်။

တမူးမြို့ လေးမိုင်ဂိတ် စခန်းသိမ်း တိုက်ပွဲမှာ စကစ သုံးယောက်ထက်မနည်း သေပြီး စခန်းသိမ်းနိုင်ခဲ့ပေမယ့် စခန်းကို မဖျက်ဆီးနိုင်ခဲ့ဘူးလို့ တမူးဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ စက်တင်ဘာ(၁၉)ရက် မနက်ပိုင်းက တမူးမြို၊ (၄)မိုင်ဂိတ်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလောင်းတစ်လောင်း၊ (M-22) သေနတ် တစ်လက်နှင့် ကျည်ဆံတွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ သတင်းဖြန့်ပါတယ်။

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ BURMESE STUDENTS ORGANIZATION (Tamu) – BSO တပ်ဖွဲ့ဝင် အသက်(၁၈)နှစ်အရွယ် ရဲဘော် ထက်ကြီး ခေါ် ဘုန်းသာခန့် ရဲ့ နာရေး/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #BSO #ကလေးပကဖ #ရဲဘော်ထက်ကြီး #ရဲဘော်လင်းယုန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ