မတ္တရာနယ်မှာ ခြေလျင်တက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံးယောက်သေဟုဆို

မတ္တရာနယ်မှာ ခြေလျင်တက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံးယောက်သေဟုဆို

MFP ၊ ဩဂုတ် - ၂၂

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ခြေလျင်တက်လာတဲ့ စစ်အုပ်စုကို ဇီးဖြူပင်ကြိုးတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ စကစ သုံးယောက် သေပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(၂၇)ယောက်ပါတဲ့ စစ်အုပ်စုကို ဩဂုတ်လ (၂၁)ရက် မွန်းလွဲ (၂)နာရီခန့်က နတ်ဆိုးအဖွဲ့နဲ့ တိုက်သိမ်း အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီနေ့မှာတော့ မတ္တရာနယ် တောင်ကန်အုပ်စု ကင်းရွာ မြောက်ဘက်ဘုန်းကြီးကျောင်းမှာ စစ်အုပ်စု အင်အား (၂၀)ကျော်ဟာ တပ်ဆွဲထားတဲ့အပြင် CDM စစ်သားနဲ့ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း Patheingyi-Information က ဖော်ပြထားပါတယ်။

နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဟာ ဩဂုတ်လ (၁၇)ရက်မှာလည်း မတ္တရာနယ်ထဲက ညောင်ငုတ်တိုရွာနဲ့ ကျောက်ဆည်လေးရွာကြားမှာ ယာဉ် (၈)စီးပါတဲ့ စစ်အုပ်စုယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စကစ (၆)ယောက် သေဆုံးခဲ့ပြီး ဩဂုတ်လ (၁၄)ရက် မနက်ပိုင်းကလည်း ရွာစဉ်ထိုးမွှေနှောက်သောင်းကျန်းဖို့ လာတဲ့ အယောက် (၃၀)ကျော်ပါ စစ်အုပ်စုကို မတ္တရာမြို့နယ် တောင်ကန်ရွာနဲ့ မြှောင်းဦးရွာချင်းဆက် တံတားမှာ ပဒေသာမိုင်း လေးလုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် တစ်ပွင့်ဗိုလ်အပါအဝင် စကစ (၄)ယောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #စစ်အုပ်စု #မိုင်းဆွဲတိုက်ခိုက်ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ