MFP ၊ အောက်တိုဘာ - ၃၀
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာရှိ မြေလတ် PDF နှင့် Myingyan Black Tiger တို့ရဲ့ ပူးပေါင်းတပ်စခန်းကို အောက်တိုဘာ(၂၈)ရက် မနက်ပိုင်း စစ်အုပ်စုက စီးနင်းတိုက်ခိုက်ချိန် စစ်ကူပေးရင်း ကျဆုံးခဲ့ရတဲ့ Natogyi Regional Defence Force - NRDF တပ်ဖွဲ့ဝင် ရဲဘော် အောင်ကိုမြတ် (ခ) မြက်ပု (၂၃)နှစ်ရဲ့ နာရေးကို ဒီနေ့ ကျင်းပခဲ့တယ်လို့ နွားထိုးကြီး NRDF က သတင်း ထုတ်ပြန်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်သူ ဖြစ်ပြီး အားကိုးအားထားပြုရတဲ့ ရဲဘော်ဖြစ်တယ်လို့ နွားထိုးကြီး NRDF က ဖော်ပြပါတယ်။
"ကျဆုံးရဲဘော်သည် အဖွဲ့တွင် အားကိုးအားထား ပြုရပြီး ရှေ့တန်း စစ်မြေပြင်၌လည်း ရဲဝံ့စွာ အကြမ်းဖက် စစ်ကောင်စီအား တိုက်ခိုက်ခြေမှုန်းနေသူ ဖြစ်သည်။ ကျဆုံးရဲဘော်အား ကျွန်ုပ်တို့ NRDF မှ အလေးနီပြုပါသည်။ ကျဆုံးရဲဘော် ဖြစ်စေချင်ခဲ့သော ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်သည်အထိ အကြမ်းဖက် စစ်ကောင်စီအား ဆက်လက် တော်လှန်တိုက်ခိုက်သွားပါမည် ဟု ကျဆုံးရဲဘော်အား ကျွန်ုပ်တို့ NRDFမှ ကတိသစ္စာပြုပါသည်" လို့ NRDF က ဆိုပါတယ်။
ရဲဘော် အောင်ကိုမြတ်ဟာ တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံရကာ ကျဆုံးခဲ့တာ ဖြစ်ပြီး ဒီနေ့ အောက်တိုဘာ(၃၀)ရက်မှာတော့ ရက်လည်ဆွမ်းသွပ်ကာ ရဲဘော်ရဲ့ အုတ်ဂူမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် လွမ်းသူ့ပန်းခွေ ချ အလေးပြုခဲ့တယ်လို့ ဆိုပါတယ်။
"မိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ရပါသည်။ ရဲဘော်ရေ နောင်ဘဝတွေမှာ ဒီလို အဖြစ်မျိုးမကြုံရဘဲ အေးချမ်းသာယာတဲ့ နိုင်ငံတစ်ခုမှာ ရှင်သန်နိုင်ပါစေ" လို့လည်း နွားထိုးကြီး NRDF က ဖော်ပြပါတယ်။
နွားထိုးကြီး NRDF ရဲဘော် အောင်ကိုမြတ် ကျဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး "မြေလတ် PDF နှင့် Myingyan Black Tiger တို့ ပူးပေါင်းနေထိုင်သည့် တပ်စခန်းအား အကြမ်းဖက် စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းစဉ် ကျွန်ုပ်တို့ Natogyi Regional Defence Force - NRDF မှ စစ်ကူသွားပေးခဲ့ရသည်။ ကျွန်ုပ်တို့ NRDF နှင့် မဟာမိတ်တပ်များ အသင့်အနေအထား နေရာယူပြီးစဉ် မုံရွာ နမခ မှ (MI-35) တိုက်လေယာဉ် တစ်စင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။ ၎င်း (MI-35) ပစ်ခတ်နေစဉ်အတွင်း ထပ်မံ၍ မုံရွာ နမခ မှ (MI-17) Military Transport Helicopter (သယ်ပို့ရဟတ်ယာဉ်) နှစ်စင်းဖြင့် စစ်ခွေးများ လာရောက် ချသွားပြီး ဝေဟင်ရေ၊ာ မြေပြင်ကပါ တိုက်ခိုက်ခံခဲ့ရသည်။ ကျွန်ုပ်တို့ NRDF နှင့် မဟာမိတ် တပ်များ အသက်လု ပြန်ဆုတ်ပြေးခဲ့ရသည်။ ပြန်လည် ဆုတ်ခွာနေစဉ် အတွင်း ကျွန်ုပ်တို့ NRDFမှ ရဲဘော်တစ်ဦး စစ်ခွေးလက်ထဲ ဖမ်းဆီးခံရပြီး နေရာတင် အသက် ဆုံးရှုံးခဲ့ရသည်" လို့ NRDF က ဖော်ပြပါတယ်။
ပရိမ္မရွာ တိုက်ပွဲအတွင်း စကစတွေလည်း အသေအပျောက် ရှိခဲ့ပြီး စစ်အုပ်စု အထိနာ နေချိန် မုံရွာ နမခ ကနေ ရဟတ်ယာဉ် သုံးစီး ရောက်လာပြီး မဲမဲမြင်ရာ လိုက်လံပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသလို ဒေသခံ မသန်စွမ်း အဖိုးအိုတစ်ဦးကိုလည်း စစ်အုပ်စုက ညှဉ်းပန်း သတ်ဖြတ်သွားတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြောင် #ပရိမ္မရွာ #နွားထိုးကြီး #NRDF