MFP ၊ နိုဝင်ဘာ - ၈
မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားရွာကို မနေ့က ညနေပိုင်းက စတင်ပြီး စစ်အုပ်စုက လက်နက်အားကိုးနဲ့ လုယက် ဓားပြတိုက် သောင်းကျန်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ဒီမနက်ပိုင်းမှာ ဒေသခံ ပြည်သူတစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုက ပျားရွာထဲ လုယက် မီးရှို့ သောင်ကျန်းနေလို့ ဒေသခံပြည်သူတွေ မနေ့ညကတည်းက ထွက်ပြေးနေရပြီး ဒီမနက်ပိုင်းမှာ ပျားရွာက ဒေသခံတစ်ဦး ရွာထဲဝင်ပြီး နွားလှည်းပြန်ယူချိန် စစ်အုပ်စုက သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
ပျားရွာက သားသမီး လေးဦးရဲ့ ဖခင် ကိုဇော်မျိုးနိုင် ကို ဒီနေ့ နိုဝင်ဘာ(၉)ရက် မနက် အစောပိုင်းမှာ စစ်အုပ်စုက သတ်ဖြတ်လိုက်တာ ဖြစ်ပြီး ကိုဇော်မျိုးနိုင်ရဲ့ ရုပ်အလောင်းကို မြင်တွေ့ရတဲ့ မိခင်ဖြစ်သူလည်း ရင်ကွဲနာကျကာ ထပ်မံ သေဆုံးသွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။
"စခတွေရဲ့ ပစ်သတ်ခံရသူ အလောင်းကို ကြည့်ပြီး မိခင်ဖြစ်သူသေဆုံး။ မနေ့က ညနေပိုင်း ပျားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည(၆)နာရီခန့်မှာ ပျားရွာအရှေ့ပိုင်းက နေအိမ်တွေက စပြီး စခတွေ မီးရှို့ခဲ့ပါတယ်။ မနက်စော နွားလှည်းပြန်ကောက်တဲ့ ကိုဇော်မျိုးနိုင်ကို စခများမှ ပစ်သတ်ခဲ့။ သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်ပြီး မိခင်ဖြစ်သူပါ သေဆုံးခဲ့" လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။
စစ်အုပ်စုက လက်နက်အားကိုးနဲ့ လုယက် ဓားပြတိုက် မီးရှို့ သောင်းကျန်းနေဆဲမို့ ပျားရွာက ဒေသခံပြည်သူတွေ ထွက်ပြေးနေရဆဲ ဖြစ်ပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် မသိရသေးပေမယ့် စစ်အုပ်စုက ညလုံးပေါက် မီးရျို့နေလို့ အနည်းဆုံး နေအိမ်အလုံး (၅၀) မီးလောင်ပြာကျပြီး ဖြစ်မယ်လို့ ယူဆကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့ မြင်းခြံနယ်က ကျေးရွာအုပ်စုတွေ အားလုံးနီးပါးမှာ စစ်အုပ်စုနဲ့ ပျူတွေ အထိုင်ချ တပ်စွဲထားပြီး ဒေသတွင်း ထင်တိုင်းကျဲ ကြီးစိုးသောင်းကျန်းကာ လူသတ်၊ လုယက်၊ လက်နက်ပြမိုက်ကြေးခွဲ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ စစ်အုပ်စုက လူသတ်၊ လုယက်၊ မိုက်ကြေးခွဲရုံနဲ့ အားမရတော့ဘဲ ရွာမီးရှို့တာတွေပါ စတင်လုပ်ဆောင်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၃) ရက်နဲ့ (၄) ရက်ကလည်း နွားထိုးကြီးနဲ့ တောင်သာနယ်ထဲက NLD ပါတီဝင် ငါးဦးကို နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ပြီးနောက် ညတွင်းချင်း ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်သတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။
သွေးသောက်အဖွဲ့တွေက NLD ပါတီဝင်တွေကို ဆက်လက် သတ်ဖြတ်ဦးမှာမို့ သတိထားနေကြ ဆိုပြီးတော့လည်း စစ်အုပ်စုက ဆက်လက်ခြိမ်းခြောက်ထားပါတယ်။
စစ်အုပ်စုဟာ မြင်းခြံနယ်ထဲ လစဉ် ဒေသခံပြည်သူ (၁၀)ဦးဝန်းကျင်အထိ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ပျားရွာ #မီးရှို့ခံရ #ဒေသခံတစ်ဦး #ပစ်သတ်ခံရ #မိခင်ဖြစ်သူပါသေဆုံး
မြင်းခြံ ပျားရွာထဲ လုယက် မီးရှို့နေတဲ့ စစ်အုပ်စုက ပြည်သူတစ်ဦးကို ပစ်သတ်၊ သားအလောင်းကို မြင်ပြီး မိခင်ဖြစ်သူပါ ရင်ကွဲနာကျ သေဆုံး၊ အနည်းဆုံး အိမ်အလုံး (၅၀) မီးလောင်ပြာကျပြီး ပြည်သူတွေ ထွက်ပြေးနေရဆဲ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024