တန့်ဆည်မှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေး တပ်တွေ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ စကစတွေ အသေအပျောက် များနိုင်ဟုဆို၊

တန့်ဆည်မှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေး တပ်တွေ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ စကစတွေ အသေအပျောက် များနိုင်ဟုဆို၊

MFP ၊ နိုဝင်ဘာ - ၁၁

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အနီးကပ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး စကစတွေ အသေအပျောက် များနိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၁)ရက် မနက်(၈)နာရီကျော်အချိန် တန့်ဆည်နယ် ကံထူးမမြို့ကနေ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့ဖို့ အရှေ့ဘက်ကို ထွက်လာတဲ့ ခမရ(၃၆၈)က စစ်အုပ်စုကို တန့်ဆည် PDF နှင့် ပူးပေါင်းအဖွဲ့တွေက အနီးကပ်ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကံထူးမဖက်မှ အရှေ့ဖက် စစ်ကြောင်းထိုးလာသော အင်အား(၁၅၀)ကျော်ပါ ခမရ(၃၆၈) စခတပ်အား ရေရှင်ကုန်းရွာ အနီးတွင် TPC တပ်ရင်း(၂၅)၊ တန့်ဆည် ပ.က.ဖ တို့မှ အနီးကပ်မီတာ (၃၀၊၄၀) တွင်း ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ပါသည်။ ၎င်းနောက် ရွှေဘိုခရိုင်တပ်ရင်း (၆)၊(၇)၊Taze Tigerတို့မှ တန့်ဆည်-ကံထူးမ လမ်းတစ်လျှောက် စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။ အနီးကပ် ဖြတ်တိုက်ခံရသဖြင့် စခများ အကျဆုံးများကာ အထိနာခဲ့ပါသည်။ မိမိရဲဘော်များ အထိအခိုက်မရှိခဲ့ပါ” လို့ တန့်ဆည် PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက တန့်ဆည်နယ် ကံထူးမမြို့နှင့် အနီးဝန်းကျင်ရွာတွေကို စီးနင်း ဝင်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုရန်ကြောင့် ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #တန့်ဆည် #PDF #တိုက်ပွဲ #TPC 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ