မန္တလေးမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ဖိနှိပ်နေတဲ့ ရေကြည်ရွာအုပ်ကြီး ဘီယာဆိုင်ထိုင်နေချိန် ရှင်းလင်းခံရ၊

မန္တလေးမှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ဖိနှိပ်နေတဲ့ ရေကြည်ရွာအုပ်ကြီး ဘီယာဆိုင်ထိုင်နေချိန် ရှင်းလင်းခံရ၊

MFP ၊ အောက်တိုဘာ - ၁၈

စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူအပေါ် အနိုင်ကျင့် ဖိနှိပ် သောင်းကျန်းနေတဲ့ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာ စစ်ကောင်စီ သစ္စာခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းကို အောက်တိုဘာ (၁၆) ရက်က ရှင်းလင်းခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်သွား ကားလမ်းဘေး ဘီယာဆိုင်မှာ သောက်စားနေတဲ့ ရေကြည်ရွာ အုပ်ကြီးကို ပုသိမ်ကြီးမြို့နယ် ပကဖနဲ့ Desert Wolf မြို့ပြပျောက်ကြား တပ်ဖွဲ့ ညီနောင်တွေ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာ တစ်ရွာလုံး မီးဖြတ်ခံထားရသလို စစ်အုပ်စုနဲ့ ပေါင်းပြီး ဒေသခံတွေကို နည်းမျိုးစုံသုံး အနိုင်ကျင့် ဖိနှိပ်နေတဲ့အတွက် ရှင်းလင်းတာလို့ ဆိုပါတယ်။

ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးက သေနတ်နဲ့ နှစ်ချက် ပစ်ခတ်တာကြောင့် ခေါင်းနဲ့ဗိုက်ကို ထိမှန်ကာ မန္တလေးနန်းတွင်း စစ်ဆေးရုံကို ပို့ဆောင်ချိန် သေဆုံးသွားခဲ့တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (MESC) က စစ်ကောင်စီ သ္စစာခံ ဝန်ထမ်းတွေဟာ စစ်ကောင်စီ သစ္စာခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ မန္တလေးတိုင်းထဲ မီတာခတွေကို ဓားပြတိုက်သလို ကောက်ခံနေပြီး သတ်မှတ်နှုန်းပြည့်အောင် မီတာခ မပေးဆောင်ရင် ရွာလုံးကျွတ် မီးဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ ရေကြည်ရွာ အပါအဝင် ကျေးရွာ ငါးရွာထက် မနည်း မီးဖြတ်ခံထားရပြီး ရွာသားတွေ ကြိုးပြန်တပ်မှာ စိုးတဲ့အတွက် စကစ လက်နက်ကိုင်တွေကို နေ့စားခပေးပြီး ထရန်စဖော်မာပုံးနားမှာ အစောင့်ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #ရေကြည်ရွာ #အုပ်ချုပ်ရေးမှူး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ