မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီးပြီး နှစ်ရက်အတွင်း လူငယ် (၁၀)ဦးကျော် ဖမ်းဆီးခံရ၊

မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီးပြီး နှစ်ရက်အတွင်း လူငယ် (၁၀)ဦးကျော် ဖမ်းဆီးခံရ၊

MFP ၊ စက်တင်ဘာ - ၁၅

မန္တလေးမြို့မှာ လမ်းတွေ၊ ရပ်ကွက်တွေကို ပိတ်ဆို့ပြီး လက်နက်ပြ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုက အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ပါ မြို့အနှံ့လှည့်ကာ ဖမ်းဆီးနေပြီး ယခု နှစ်ရက်အတွင်း မြို့ခံလူငယ် (၁၀)ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ သူတို့ကို သစ္စာခံတဲ့ ပျူတွေ၊ အုပ်ကြီးတွေ၊ မီးသတ်တွေနှင့် စည်ပင်တွေရဲ့ တိုင်ကြားချက်အတိုင်း မြို့ခံတွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပြီး ငွေညှစ်တာ၊ ညှဉ်းပန်းနှိပ်စက် သ-တ်-ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၅)ရက် မွန်းလွဲပိုင်းမှာ မန္တလေး နန်းရှေ့ (၁၉)လမ်းအတိုင်း ဆိုင်ကယ်တစ်စီးစီနဲ့ မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီ သစ္စာခံ အရပ်ဝတ် လက်နက်ကိုင်တွေက တားဆီးကာ ကားနဲ့ညှပ်ပိတ်ပြီး ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က စက်တင်ဘာ(၁၄) ရက် ညပိုင်းမှာလည်း မဟာအောင်မြေမြို့နယ်၊ (၃၉)လမ်းနဲ့ လမ်း(၈၀) ထောင့်က ဟော့ပေါ့ဆိုင်တစ်ဆိုင်ထဲကို စစ်ကောင်စီ သစ္စာခံ အရပ်ဝတ်နဲ့ ပျူတွေ စီးနင်းဝင်မွှေ သောင်းကျန်းပြီး ဆိုင်ထိုင်စားသောက်နေတဲ့ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကျော်ဈေးအနီးက အိမ်တစ်အိမ်ကိုလည်း စစ်ကောင်စီ သစ္စာခံ ပျူတွေက အရပ်ဝတ် အိမ်စီးကားသုံးစီးနဲ့ ဝင်မွှေလုယက် သောင်းကျန်းပြီး အသက်ကြီးပိုင်း အိမ်ရှင်တွေကို ဖမ်းခေါ်သွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

စက်တင်ဘာ(၁၃)ရက် ညပိုင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ (၈၂(လမ်းနဲ့ (၄၁)လမ်းထောင့်က ဟိုတယ်တစ်လုံးမှာ တည်းခိုနေတဲ့ လူငယ်လေးဦးကိုလည်း စစ်ကောင်စီ သစ္စာခံတွေက ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးဘူး၊ လာဖမ်းတာတွေကတော့ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ပဲ၊ လာဖမ်းသူ တချို့က ပြည်သူ့စစ်ဆိုပြီး ဖွဲ့ထားတဲ့ကောင်တွေ ဖြစ်ဖို့များတယ် “ လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့က ရပ်ကွက်တချို့မှာ ပျူတွေ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို လက်နက် တပ်ဆင်ပေးပြီး ပြည်သူ့စစ် အမည်ခံ လက်နက်ကိုင် အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာလအတွင်း မန္တလေးမြို့မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံရတဲ့ လူငယ်(၂၀) ဦးဝန်းကျင် ရှိနေပြီလို့ မြို့ခံ တက်ကြွလှုပ်ရှားသူအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန္တလေးမြို့ ဧရာဝတီမြစ် တာရိုး၊ တံတားဖြူ ရေထိန်းတံခါးဘက်က စစ်အုပ်စုက လူငယ်သုံးဦးကို သ-တ်ပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။

မန္တလေးမှာ ပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေတဲ့ စစ်အုပ်စု (ပုံဟောင်း)/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လူငယ်တွေကိုဖမ်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ