မိုးကုတ်တိုက်ပွဲမှာ တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ဒုတပ်မှူး ငါးရက်အကြာမှာ ပြန်ရောက်လာတယ်လို့ PLA ထုတ်ပြန်

မိုးကုတ်တိုက်ပွဲမှာ တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ဒုတပ်မှူး ငါးရက်အကြာမှာ ပြန်ရောက်လာတယ်လို့ PLA ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၂

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဩဂုတ်လ (၂၈)ရက်က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ ရဲဘော်တွေကို ဆုတ်ခွါစေပြီး တစ်ဦးတည်းကျန်ရစ်တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အမှတ်(၂) စစ်ဒေသ ဒုတပ်မှူး ရဲဘော်ကိုမှိုင်းဟာ ငါးရက်အကြာမှာ စခန်းကို ပြန်ရောက်လာခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း လောင်းစဉ်ရေဝေရွာနားမှာ PLA နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ မိုးကုတ် PDF တို့ရဲ့ တိုက်ပွဲမှာ ရဲဘော်ကိုမှိုင်းဟာ ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၅)ဦးခန့် သေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ကိုမှိုင်းဟာ တိုက်ပွဲမှာ ရဲဘော်အားလုံး လုံခြုံရေးအတွက် တပ်ဖွဲ့တစ်ခုလုံး ဆုတ်ခွါစေပြီး တစ်ဦးတည်းကျန်ရစ်တိုက်ပွဲဝင်ခဲ့ကာ မသေပျောက်ဘဲ တောထဲမှာ ငါးရက်လုံးလုံး ထမင်းမစားရဘဲ နေခဲ့ရပြီးနောက် ဒီနေ့မှာ တပ်ဖွဲ့ကို ပြန်လည်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒုတပ်မှူး ရဲဘော်ကိုမှိုင်းရဲ့ ရဲစွမ်းသတ္တိရှိမှု၊ တပ်ဖွဲ့တစ်ခုလုံးကို စနစ်တကျ ဦးဆောင်ကွပ်ကဲနိုင်မှု၊ တပ်ဖွဲ့တစ်ခုလုံး လုံခြုံရေးအတွက် မိမိတစ်ဦးတည်း အနစ်နာခံမှုတို့ကို PLA တပ်မတော်တစ်ခုလုံးမှာရှိတဲ့ တပ်မှူး၊ တပ်သား အားလုံးက လေးစားဂုဏ်ယူရတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုးကုတ်တိုက်ပွဲ #PLA #ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #ရဲဘော်ကိုမှိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ