ဂန့်ဂေါနယ် တိုက်ပွဲမှာ ဖက်ဆစ်တပ်သား ခြောက်ယောက်သေ၊ တစ်ယောက် အရှင် မိ၊ ဖက်ဆစ်တပ်က ပြည်သူတစ်ဦးကို သ-တ်-ဖြတ်၊

ဂန့်ဂေါနယ် တိုက်ပွဲမှာ ဖက်ဆစ်တပ်သား ခြောက်ယောက်သေ၊ တစ်ယောက် အရှင် မိ၊ ဖက်ဆစ်တပ်က ပြည်သူတစ်ဦးကို သ-တ်-ဖြတ်၊

MFP ၊ သြဂုတ် - ၁၉

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့က နေ့လည်ပိုင်း နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖက်ဆစ်တပ်သား ခြောက်ယောက် သေကာ တစ်ယောက် အရှင်ဖမ်းမိတယ်လို့ ဂန့်ဂေါ တောင်ပိုင်း PDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၈)ရက် မနက်(၁၁)နာရီကျော်ကနေ နေ့လည်(၁)နာရီကျော်အထိ ဂန့်ဂေါမြို့နယ် အိမ်သစ်ရွာနှင့် ကုန်းကျောရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဂန့်ဂေါမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား မဟာမိတ် တပ်ပေါင်းစုများမှ ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် အိမ်သစ်ရွာ အရှေ့ဘက် ကုန်းကျောသို့ ရောက်နေချိန် မဟာမိတ် တပ်ပေါင်းစု အဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆီးကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ပြင်းထန်ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ တစ်ဦး အရှင်ဖမ်းမိ၊ ခြောက်ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ခဲ့ပါသည်။ မိမိတို့ ပူးပေါင်းခ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီး ကျည်စထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပါသည်” လို့ ဂန့်ဂေါ တောင်ပိုင်း PDF တပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို PDF- ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့၊ YDF တပ်ရင်း (၅) တပ်ခွဲ(၁)(၂)၊ YDF တပ်ရင်း(၁) တပ်ခွဲ(၂)၊ KKG တပ်ရင်း (၆) နှင့် ဂန့်ဂေါ တောင်ပိုင်း ပကဖ နဂါးညီနောင်အဖွဲ့(၁)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲနာ အထိနာတဲ့ ဖက်ဆစ်တပ်ဟာ အိမ်သစ်ကျေးရွာက လယ်ထွန်နေတဲ့ တောင်သူလယ်သမား အပစ်မဲ့ ပြည်သူတစ်ဦးကို ပစ်သ-တ်သွားပြီး အိမ်သစ်ရွာဘက်ကတဆင့် မင်းရွာရဲစခန်းထဲ ဝင်မယ်လို့ ခန့်မှန်းရကာ မောဆုံမြစ်ဆုံးနားက တောထဲ ရောက်နေကြောင်းနှင့် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်လို့ ပြည်သူတွေ သတိထားကြဖို့ ဂန့်ဂေါတောင်ပိုင်း PDF က သတိပေးထားပါတယ်။

“ထိတွေ့တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများ အနေဖြင့် ၎င်းနေရာ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်” လို့ PDF ဂန့်ဂေါ တောင်ပိုင်း တပ်ဖွဲ့က ဖော်ပြပါတယ်။

ဒေသကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖက်ဆစ်တပ်ဟာ သြဂုတ်(၁၆)ရက်မှာ ဂန့်ဂေါမြို့က ထွက်လာပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

PDF ဂန့်ဂေါ တောင်ပိုင်း တပ်ဖွဲ့က ရဲဘော်တချို့/Photo – PDF ဂန့်ဂေါ တောင်ပိုင်း တပ်ဖွဲ့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #ပကဖ #PDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ