စစ်သင်္ဘော အပါအဝင် စစ်အုပ်စုရဲ့ သင်္ဘောခြောက်စီး မန္တလေးကနေ ဗန်းမော်ဘက် စတင် ဆန်တက်၊

စစ်သင်္ဘော အပါအဝင် စစ်အုပ်စုရဲ့ သင်္ဘောခြောက်စီး မန္တလေးကနေ ဗန်းမော်ဘက် စတင် ဆန်တက်၊

MFP ၊ အောက်တိုဘာ - ၁၅

စစ်သင်္ဘောတစ်စီး၊ စကစ အင်အား (၁၀၀)ခန့်နှင့်အတူ လက်နက်နဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ စစ်အုပ်စုရဲ့ သင်္ဘောခြောက်စီးဟာ ဒီမနက်ပိုင်း မန္တလေးမြို့ကနေ ဗန်းမော်ဘက်ကို စတင်ဆန်တက် ထွက်ခွါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်စီးကို အနည်းဆုံး စကစ (၂၀) ဝန်းကျင်ခန့် လိုက်ပါတဲ့ အဲဒီစစ်သင်္ဘောတွေဟာ ဂေါဝိန်ဆိပ်ကမ်းကတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်သွားတာဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့အထိ သွားကာ ရိက္ခာနဲ့ လက်နက် ထောက်ပို့လုပ်ဖို့ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပင်လုံ၊ ပေါက်တန်း၊ ပြည်သူ၊ ပြဒါးရှင်နဲ့ ပတိုင်း လို့ နာမည်ပေးထားတဲ့ ရိက္ခာတင်သင်္ဘောတွေနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ရှေ့ဆုံးက စစ်သင်္ဘောတစ်စီး ပါပြီး အဲဒီစစ်သင်္ဘောပေါ်မှာ တစ်မိုင်ခွဲပတ်လည် ဒရုန်းရန်ကာကွယ်ဖို့ ဂျန်မာ တပ်ဆင်ထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်(၈) ရက်ကလည်း ပင်လုံ၊ ပြည်သူ၊ ပြဒါးရှင်၊ ပတိုင်းနဲ့ ပုံညာ အမည်ရှိ သင်္ဘောတွေနဲ့ စစ်အုပ်စုက ဗန်းမော်ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ခဲ့ပြီး အပြန်မှာ ခိုးရာပါ ပစ္စည်းတွေ တင်ဆောင်လာခဲ့ပါတယ်။

စစ်သင်္ဘောတွေရဲ့ အမိုးပေါ်မှာ စက်လက်တွေ၊ အမြောက်တွေ၊ စနိုက်ပါတွေ တပ်ဆင်ထားပြီး မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

ဒါ့အပြင် ယခင်အကြိမ်တွေအတွင်း စစ်အုပ်စုက မြစ်ကမ်းဘေးရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်ပြီး ပြည်သူကို သတ်ဖြတ်လေ့ရှိတာမို့ မြစ်ကမ်းနေ ပြည်သူတွေ သတိထားကြဖို့လည်း ဒေသခံအချင်းချင်း သတိပေး တိုက်တွန်းထားပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ ရိက္ခာပို့စနစ်ကို ကုန်းကြောင်းက မသွားနိုင်တဲ့အတွက် ရေကြောင်းက ပြောင်းလဲပို့ဆောင်နေတာဖြစ်ပြီး ကုန်းကြောင်းက တင်ပို့တဲ့ ကားတန်းတွေ၊ ရထားတွေဟာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း စစ်‌သင်္ဘောတွေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်ရာမှာ မတ္တရာနယ်က စတင်ပြီး ကချင်ပြည်နယ်အထိ မြစ်ကမ်းဘေးရွာတွေကို စစ်အုပ်စုက ဝင်မွှေလုယက် ဓားပြတိုက်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဂေါဝိန်ဆိပ်ကမ်း #စစ်အုပ်စု #ရိက္ခာတင်သင်္ဘော #ဧရာဝတီမြစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ