ယင်းမာပင် ရွှေလှံရွာ စီးနင်းခံရမှု အောင်ဆန်းမျိုးဆက် တပ်ဖွဲ့ဝင် ရှစ်ဦး အပါအဝင် ရဲဘော်ကိုးဦး ကျဆုံး၊ ရဲဘော် နှစ်ဦး ပျောက်ဆုံးနေပြီး စစ်အုပ်စုက ကျဆုံးရဲဘော် ကိုးဦးနှင့် ပြည်သူတစ်ဦးကို မီးရှို့သွား၊

ယင်းမာပင် ရွှေလှံရွာ စီးနင်းခံရမှု အောင်ဆန်းမျိုးဆက် တပ်ဖွဲ့ဝင် ရှစ်ဦး အပါအဝင် ရဲဘော်ကိုးဦး ကျဆုံး၊ ရဲဘော် နှစ်ဦး ပျောက်ဆုံးနေပြီး စစ်အုပ်စုက ကျဆုံးရဲဘော် ကိုးဦးနှင့် ပြည်သူတစ်ဦးကို မီးရှို့သွား၊

MFP ၊ အောက်တိုဘာ - ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရွှေလှံကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက စီးနင်းသတ်ဖြတ်ခဲ့မှုမှာ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) တပ်ဖွဲ့ဝင် ရဲဘော်ရှစ်ဦးနှင့် ပခုက္ကူခရိုင်တပ်ရင်း(၂)က ရဲဘော် တစ်ဦး၊ စုစုပေါင်း ကိုးဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦး ပျောက်ဆုံးနေတယ်လို့ အောင်ဆန်းမျိုးဆက် တပ်ဖွဲ့က MFP ကို အတည်ပြု ပြောကြားပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၁)ရက် မနက်(၄)နာရီခွဲနဲ့ (၅)နာရီကြားမှာ ရင်ပေါင်တိုင်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုက အရပ်ဝတ်တွေနဲ့ အင်အား (၁၀၀)ခန့် ခွဲထွက်လာကာ ရွှေလှံရွာထဲ အလစ်အငိုက် စီးနင်းတာလို့ ဆိုပါတယ်။

"ယင်းမာပင်မြို့နယ် ရွှေလှံရွာရှိ မိမိတို့ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို စကစဘက်မှ စစ်ယူနီဖောင်း ဝတ်ဆင်မထားဘဲ PDF အယောင်ဆောင်၍ ခန့်မှန်းအင်အား (၁၀၀) ခန့်ဖြင့် အလစ်စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲမှပြန်လာ၍ ခေတ္တနားနေသော ရဲဘော်များရှိခဲ့ရာ မိမိတို့ အောင်ဆန်းမျိုးဆက်မှ ရဲဘော် ရှစ်ဦးနှင့် ခေတ္တတည်းခိုနေသော ပခုက္ကူခရိုင်တပ်ရင်း(၂)မှ ရဲဘော် တစ်ဦး၊ စုစုပေါင်း ကိုးဦး ကျဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိကာ နှစ်ဦး ပျောက်ဆုံးလျက်ရှိပါသည်။ ပျောက်ဆုံး နှစ်ဦး၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။ ရွှေလှံရွာအတွင်းရှိ အိမ်ထောင်စု ရှစ်စုကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မိမိတို့ ခေတ္တတည်းခိုရာနေရာကို မီးရှို့ဖျက်ဆီးရာတွင် ကျဆုံးရဲဘော်များနှင့် ရွာသား တစ်ဦး စုစုပေါင်း (၁၀)ဦးကိုပါ မီးရှို့သွားခဲ့သည်။ ငွေသားနှင့်ပစ္စည်း ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း (၆၀၀) ဝန်းကျင်ခန့် ရှိပါသည်" လို့ အောင်ဆန်မျိုးဆက် တပ်ဖွဲ့က ဖော်ပြပါတယ်။

PDF ရဲဘော်တွေ တည်းခိုနေတဲ့ နေအိမ်ကို စစ်အုပ်စုက ရုတ်တရက် စီးနင်းခဲ့တာ ဖြစ်ပြီး ရဲဘော်တချို့ လွတ်မြောက်ခဲ့ပေမယ့် လက်နက်ခဲယမ်းတွေ၊ ဖုန်းတွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေ အားလုံး ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကျပ်သိန်း(၆၀၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ (၁) ရဲဘော် အောင်ဇေ၊ (၂) ရဲဘော် ထွေးကို၊ (၃) ရဲဘော် စတီး၊ (၄) ရဲဘော် အာကာ၊ (၅) ရဲဘော် ချစ်ကွင်း၊ (၆) ရဲဘော် မှေးကြီး၊ (၇) ရဲဘော် ဖိုးသား၊ (၈) ရဲဘော် ခေါင်းကြီး နှင့် (၉) ရဲဘော် ရန်ကြီးအောင် တို့ ဖြစ်ကြတယ်လို့ အောင်ဆန်းမျိုးဆက် တပ်ဖွဲ့က MFP ကို အတည်ပြုပါတယ်။

စစ်အုပ်စုက အလောင်းတွေကို ဆိုင်ကယ်တွေ၊ အိမ်တွေနဲ့အတူ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၉)ရက် ကတည်းက ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်က ရင်ပေါင်တိုင်၊ ပုထိုးသာနှင့် ပျားအိုရွာတွေထဲ ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းဝင်မွှေ သောင်းကျန်သတ်ဖြတ်နေတာ ဖြစ်ပြီး ဒီမနက်ပိုင်းမှာ ရင်ပေါင်တိုင်ရွာက တဆင့် ရွှေလှံရွာထဲ စီးနင်းသတ်ဖြတ်တာ ဖြစ်ပါတယ်။

ရွှေလှံရွာထဲ စီးနင်းသတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ပြီးနောက် စစ်အုပ်စုကို ရဟတ်ယာဉ်တွေနဲ့ ပြန်ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မနေ့က အောက်တိုဘာ(၂၀)ရက်မှာ ရင်ပေါင်တိုင်ရွာနှင့် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာအနီးမှာ PDF ရဲဘော်နှစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ(၁၉)ရက်ကလည်း ပျားအိုရွာက အသက်(၂၅)နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၆၀)အရွယ် အဘွားအိုတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

အောက်တိုဘာ(၂၀)ရက်မှာ ကျဆုံးတဲ့ ရဲဘော်နှစ်ဦးဟာ ယင်းမာပင် ဗိုသူရိန် တပ်ဖွဲ့က ခေါင်းဆောင် ဗိုလ်စက္ကနှင့် ရဲဘော် 760 တို့ ဖြစ်ပြီး ရင်ပေါင်တိုင်ရွာကနေ ပုထိုးသာရွာဘက် ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာကနေ ရဲဘော်တွေ လွတ်မြောက်ဖို့ ကာပစ်ပေးရင်း ဖမ်းဆီးခံရပြီး ကျဆုံးတာလို့ ဗိုလ်သူရိန် ယင်းမာပင် PDF က ဖော်ပြပါတယ်။

အောက်တိုဘာ(၁၉)ရက်ကနေ (၂၁)ရက်အထိ ရင်ပေါင်တိုင်ရွာ အပါအဝင် ပုလဲနှင့် ယင်းမာပင်နယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းရာမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ သုံးဦးနှင့် ပြည်သူ့ရဲဘော် (၁၁)ဦးကို သတ်ဖြတ်ခဲ့ပြီး ရင်ပေါင်တိုင်ရွာက နေအိမ်သုံးလုံးနှင့် ရွှေလှံရါာက နေအိမ် ကိုးလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေသူတချို့လည်း ရှိသေးတယ်လို့ ဆိုပါတယ်။

အောင်ဆန်းမျိုးဆက် တပ်ဖွဲ့ဝင် ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေစဉ်/Photo - အောင်ဆန်းမျိုးဆက် တပ်ဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ရင်ပေါင်တိုင် #ပျားအို #ရွှေလှံ #PDF #ပြည်သူ #ကိုယ်ဝန်ဆောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ