ဘဏ္ဍာငွေ ကျပ်သိန်းသောင်းချီ ရှိပြီး ခန်းမတွေ ငှားစားနေတဲ့ မန္တလေး ဘုရားကြီး ဂေါပကအဖွဲ့က ဆိုင်ခန်း ငှားခတွေ နှစ်ဆတိုး ကောက်ခံမည်၊

ဘဏ္ဍာငွေ ကျပ်သိန်းသောင်းချီ ရှိပြီး ခန်းမတွေ ငှားစားနေတဲ့ မန္တလေး ဘုရားကြီး ဂေါပကအဖွဲ့က ဆိုင်ခန်း ငှားခတွေ နှစ်ဆတိုး ကောက်ခံမည်၊

MFP ၊ စက်တင်ဘာ - ၂၉

ဘဏ္ဍာငွေ ကျပ်သိန်း သောင်းချီ ရရှိထားပြီး သာသနာ(၂၅၀၀)ဗိမာန်ကို ခန်းမအဖြစ် ငှားစားနေတဲ့ မန္တလေးမြို့ မဟာမုနိ ဘုရားကြီး ဂေါပက အဖွဲ့က ဘုရားကြီးစောင်းတန်း ဆိုင်ခန်းငှားခတွေကိုပါ ယခုလကုန်က စတင်ပြီး နှစ်ဆတိုးမြှင့် ကောက်ခံတော့မယ်လို့ ဈေးသည်တွေကို အသိပေး ထုတ်ပြန်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဟာမုနိဘုရားကြီး ဘဏ္ဍာတော်ပိုင် ဈေးဆိုင်ခန်း (၃၆၅) ခန်းရဲ့ ငှါးရမ်းခတွေကို အခုလကုန်ကစပြီး နှစ်ဆကျော်အထိ တိုးမြှင့်ကောက်ဖို့ ဂေါပကအဖွဲ့က ဆုံးဖြတ်ထားကြောင်း ဆိုင်ခန်း ငှားရမ်းသူတွေကို အသိပေးစာတွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဘုရားကြီး ဘဏ္ဍာတော်ပိုင် စောင်းတန်းနဲ့ တိုက်တန်း (၁၉) နေရာက အခန်း (၃၆၅) ခန်းရဲ့ ငှားရမ်းခတွေကို တိုးမြှင့်ကောက်ခံမှာ ဖြစ်ပြီး ယခင်က တစ်လငှားရမ်းခ ကျပ်(၁၆,၀၀၀)ကနေ ကျပ်(၂၀,၀၀၀)အထိသာ ဂေါပက ကို ပေးသွင်းရပေမယ့် နှုန်းထားသစ်အရ ကျပ်(၃၅,၀၀၀)ကနေ ကျပ်(၅၀,၀၀၀)အထိ ပေးသွင်းရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်ကလို ပုံမှန်အခြေအနေ အတိုင်းနဲ့ ဘုရားဖူးတွေ များများလာတဲ့ ကာလဆိုရင် ဆိုင်ခန်းခ တက်တာက သိပ်မပြောလိုပါဘူး၊ အခုဟာက ဘုရားဖူး ကြို့တို့ကျဲတဲ အခြေအနေမှာ ဈေးနှုန်း နှစ်ဆကျော်လောက် အထိ တက်ပြီး ကောက်လိုက်တာ ဆိုတော့ အခက်အခဲကတော့ ရှိမှာပဲ“ လို့ ဆိုင်ခန်းရှင်တစ်ဦးက MFP ကို ပြောပါတယ်။

ဆိုင်ခန်းငှါးရမ်းခတွေကို စောင်းတန်းဆိုင်ခန်းတွေက လစဉ် လဆန်း(၁၀)ရက်မှ (၁၇)ရက်အတွင်း၊ တိုက်တန်းဆိုင်ခန်းတွေက လစဉ် လဆန်း (၁၈) ရက်မှ (၂၅) ရက်အတွင်း ပေးသွင်းရပြီး ပျက်ကွက်ရင် ဒဏ်ကြေးအဖြစ် တစ်ရက် (၁၀)ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့လည်း ဂေါပကအဖွဲ့က ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

မန္တလေး မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဟာ ဘုရားကြီး ဘဏ္ဍာတော်ပိုင် သာသနာ(၂၅၀၀) ဗိမာန်ကိုလည်း ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ပြင်ဆင်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်ကာ သင့်တင့်တဲ့နှုန်းနဲ့ အလှူ မင်္ဂလာ ဧည့်ခံပွဲတွေအတွက် ခန်းမအဖြစ် လက်ခံ ငှားရမ်းနေပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်အတွင်း မန္တလေး ဘုရားကြီး ဂေါပကအဖွဲ့သစ် ပြောင်းလဲလို့ ဘဏ္ဍာငွေ ရှင်းတမ်း ထုတ်ပြန်ရာမှာ ဘုရားကြီး ဘဏ္ဍာရံပုံငွေ ကျပ်သိန်း (၁၂၀,၀၀၀)ကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် ယခင် NLD အစိုးရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဖျက်သိမ်းတာ၊ ပြောင်းလဲတာတွေ လုပ်ဆောင်ပေမယ့် မန္တလေး မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ကိုတော့ မင်းအောင်လှိုင်က အသစ်မပြောင်းဘဲ NLD အစိုးရ လက်ထက်က ခန့်ထားတဲ့ မန္တလေး သကြားဒိုင် ဥက္ကဌ ဦးစိုးလင်း ကို ဘုရားကြီး ဂေါပက ဥက္ကဌအဖြစ် ဆက်လက် ခန့်အပ်ထားပါတယ်။ ဒါကြောင့် မင်းအောင်လှိုင် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာအထိ ဦးစိုးလင်းဟာ ဘုရားကြီး ဂေါပက ဥက္ကဌအဖြစ် ဆက်လက် တာဝန်ယူနေပါတယ်။

မန္တလေး မဟာမုနိဘုရားကြီး ဘဏ္ဍာရံပုံငွေအဖြစ် အလှူရှင်တွေရဲ့ နေ့စဉ် လှူဒါန်းမှုတွေ အပြင် ရွှေသင်္ကန်းကပ်လှူတာ၊ ရွှေမှိုက်ထုတ်တာ၊ ဆိုင်ခန်းငှါးရမ်းခ ကောက်ခံတာ၊ ကား၊ ဆိုင်ကယ် အပ်နှံခ ကောက်ခံတာနှင့် ခန်းမ ငှားရမ်းတာတွေကနေ လစဉ် ဝင်ငွေအများအပြား ရရှိနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မဟာမုနိ #ဘုရားကြီး #ဈေးဆိုင်ခန်း #ဂေါပက

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ