နွားထိုးကြီး ပြင်စည်ရွာကို စစ်အုပ်စုက ဆက်လက် ပိတ်ဆို့ပြီး ည(၆)-မနက်(၆)အတွင်း ညမထွက်ရ အမိန့်ထုတ်၊ တစ်အိမ်တက်ဆင်း မွှေနှောက်သောင်းကျန်းကာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေး ညှဉ်းပန်းနေ၊

နွားထိုးကြီး ပြင်စည်ရွာကို စစ်အုပ်စုက ဆက်လက် ပိတ်ဆို့ပြီး ည(၆)-မနက်(၆)အတွင်း ညမထွက်ရ အမိန့်ထုတ်၊ တစ်အိမ်တက်ဆင်း မွှေနှောက်သောင်းကျန်းကာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေး ညှဉ်းပန်းနေ၊

MFP ၊ စက်တင်ဘာ - ၈

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာကို စစ်အုပ်စုက ဆက်လက် ပိတ်ဆို့ထားပြီး ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ကာ ဒေသခံတွေကို ဖမ်းဆီးညှဉ်းပန်း သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မနေ့က စက်တင်ဘာ(၇)ရက် မနက်ပိုင်းက စတင်ပြီး နွားထိုးကြီး - မြင်းခြံလမ်းနှင့် ပြင်စည်ကျေးရွာကို စီးနင်းပိတ်ဆို့ကာ ပြင်စည်ရွာထဲ တစ်အိမ်တက်ဆင်း ဝင်မွှေလုယက် သောင်းကျန်းခဲ့ပြီး ဒီမနက်ပိုင်း နွားထိုးကြီး - မြင်းခြံလမ်း ပြန်ဖွင့်ပေမယ့် ပြင်စည်ရွာကို ဆက်လက် ပိတ်ဆို့ သောင်းကျန်းနေတာလို့ ဆိုပါတယ်။

“မြင်းခြံလမ်းတော့ ပြန်ဖွင့်ထားတယ်။ ပြင်စည်ရွာကိုတော့ ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ထားတယ်။ မနေ့ကတည်းက ဒီနေ့ထိ ရွာကနေ ဘယ်သူမှ အပြင်မထွက်ရ။ ဘယ်သူမှလည်း ဝင်လို့မရ။ တစ်အိမ်တက်ဆင်း မွှေတယ်။ တချို့ကို ဖမ်းပြီး မနက်က ခေါ်မေး၊ ညပြန်လွှတ်။ အဲ့လိုတွေ လုပ်နေတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ပြင်စည်ရွာထဲ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုနှင့် အသစ်ထပ်ရောက်လာတဲ့ စစ်အုပ်စု ပေါင်းပြီး ပြင်စည်ရွာ တစ်ရွာလုံးကို အဝင်အထွက် ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း လုယက် သောင်းကျန်းတာ၊ ဖမ်းဆီး ညှဉ်းပန်း စစ်ဆေးတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုက ဘာကြောင့် အခုလို ပြင်စည်ရွာထဲ ပိတ်ဆို့ သောင်းကျန်းနေတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်စည်နှင့် ဝက်လူးရွာတွေထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် အခုလို ရွာကို ပိတ်ဆို့ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူမယ့် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် စက်တင်ဘာ(၄)ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ် ဝက်လူးရွာထဲက စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၂)ရက် ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ အထက်တန်းကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ NPDF က ဆိုပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရချိန်ကတည်း စစ်အုပ်စုက ဒေသခံပြည်သူတွေကို ရန်ပြု သောင်းကျန်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ယခုအခါ ထပ်မံပြီး တစ်ရွာလုံးကို ပိတ်ဆို့ကာ လုယက်သောင်းကျန်းနေတာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ဝက်လူး #ပြင်စည်ရွာ #မြင်းခြံ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ