MFP ၊ ဩဂုတ် - ၁၀
မန္တလေးမြို့မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ဖွင့်လှစ်နေတဲ့ လောင်းကစားဝိုင်းမှာ လူသ-တ်မှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဟာအောင်မြေမြို့နယ် သံလျက်မော်အနောက်ရပ်ကွက်၊ ပင်မ (၁၀) သားသတ်ရုံအနီးမှာ မင်းသား၊ မင်းသမီးပုံတွေနဲ့ ဆော့ကစားတဲ့ လောင်းကစားဝိုင်းမှာ မနေ့ ဩဂုတ်လ (၉)ရက် ညပိုင်းက ဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။
ဆော့ကစားသူအချင်းချင်း စကားများ ရန်ဖြစ်ကြပြီးတော့ အမျိုးသားတစ်ဦးကို လည်ပင်း ဓားနဲ့လှီးပြီး အသ-တ်ခံလိုက်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
“ ရပ်ကွက်ထဲဆော့နေကြတာကြာပြီ၊ မြန်မာမင်းသား မင်းသမီး ပုံတွေကို အလောင်းအစား လုပ်ကြတာ။ ဘယ်လို ဆော့လည်းတော့မသိဘူး ၊ လောင်းကြေးငွေ များ တယ်လို့ သိရတယ် ။ သက်ဆိုင်ရာကိုတော့ လိုင်းကြေးသဘောမျိုး သုံးသိန်းလောက်ပေးရတယ်လို့လည်း ကြားတယ်၊ အောင်မြေသာစံထဲမှာဆို ညောင်ကွဲရပ်ကွက်ဘက် မှာ သုံးဝိုင်းလောက် တွေ့ဖူးတယ် “ လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးကာလ မန္တလေးမြို့ပေါ်နဲ့ နယ်မြို့တွေမှာပါ လမ်းဘေးလောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပြီး အချို့နေရာတွေမှာဆိုရင် လောင်းကစားရုံသဖွယ် ယာယီတဲတွေတောင် ထိုးပြီးတော့ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ၊ သပိတ်ကျင်းမြို့နယ်ထဲက မင်းသားမင်းသမီးပုံနဲ့ဆော့တဲ့ လောင်းကစားဝိုင်းတစ်ခု(ပုံဟောင်း)/ ဓာတ်ပုံ - TR
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လောင်းကစားဝိုင်း