PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး မြန်မာသူရ ကျောက်မျက်ကုမ္မဏီပိုင် ကျပ်သန်း သောင်းချီတန် ပစ္စည်းတွေ စစ်အုပ်စု သိမ်းယူ၊ လူကိုလည်း ဖမ်းဆီး၊

PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး မြန်မာသူရ ကျောက်မျက်ကုမ္မဏီပိုင် ကျပ်သန်း သောင်းချီတန် ပစ္စည်းတွေ စစ်အုပ်စု သိမ်းယူ၊ လူကိုလည်း ဖမ်းဆီး၊

MFP ၊ သြဂုတ် - ၂၂

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှာ ယာဉ်မောင်း အလုပ်လုပ်ကိုင်နေသူ တစ်ဦးကို ဖမ်းဆီးငွေညှစ်ရာကနေ ဆက်စပ်ကာ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီးနောက် မန္တလေးမြို့က နာမည်ကျော် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီပိုင် အိုးအိမ် အဆောက်အဦး၊ ကျောက်စိမ်းကျောက်မျက်၊ ကားနှင့် ယာဉ်ယန္တရားတွေ အပါအဝင် ကျပ်သန်း သောင်းချီ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူလိုက်ပြီလို့ စစ်အုပ်စုက ဆိုပါတယ်။

သြဂုတ်(၁၇)ရက်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ၊ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီမှာ ယာသ်မောင်းအဖြစ် လုပ်ကိုင်နေသူ ကိုမွန်သူအောင်ကို စစ်အုပ်စုက ဖမ်းဆီးငွေညှစ်ခဲ့ပြီးနောက် ကိုမွန်သူအောင်ရဲ့ ထွက်ဆိုချက်အရလို့ဆိုကာ "မြန်မာသူရ" ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ကိုကျော်သူရကို အဲ့ဒီနေ့မှာပဲ ဆက်လက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ကိုကျော်သူရ ကို စစ်အုပ်စုက သြဂုတ်(၁၇)ရက် နေ့လည်ပိုင်းမှာ ချမ်းအေးသာစံမြိုနယ်၊ (၈၈)လမ်းနှင့် (၈၉)လမ်းကြား၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြားက သူရဲ့ နေအိမ်မှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဖားကန့်မြိုနယ်၊ နမ္မဖြစ်ရွာက "မြန်မာသူရ" ကျောက်မျက်ကုမ္ပဏီ ခြံဝန်းထဲကနေ Sigsauer အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်(၁၂)တောင့်နှင့် ကျည်အိမ် နှစ်ခု သိမ်းဆည်းရမိတယ်လို့လည်း စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုဟာ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ပိုင်တဲ့ မန္တလေး၊ နေပြည်တော်နှင့် ဖားကန့်မြို့မှာ ရှိတဲ့ နေအိမ်အဆောက်အဦတွေ၊ ကားနှင့် ယာဉ်ယန္တရားတွေ၊ ကျောက်စိမ်းကျောက်မျက်တွေ စတာတွေကို ချိတ်ပိတ်သိမ်းယူတာလို့ ဆိုပါတယ်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ အနေနဲ့ PDF၊ NUG ၊ CRPH နှင့် CDM တွေ ကို ကျပ်သိန်း (၆၁၅၀)၊ ကားတစ်စီး၊ အမေရိကန်ဒေါ်လာ တစ်သောင်းနှင့် တရုတ်ယွမ် (၁၉၀၀၀) ထောက်ပံ့ပေးတယ်လို့ စစ်အုပ်စုက စွပ်စွဲထားပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းစက နိုင်ငံကျော် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးငွေညှစ်ရာကနေ ယခုနောက်ပိုင်း အလယ်အလတ်အဆင့် လုပ်ငန်းရှင်တွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အခြေအနေလို့ ယူဆရကြောင်း မန္တလေးမြိုကခံတချို့က သုံးသပ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဖားကန့် #နေပြည်တော် #မြန်မာသူရ #ကျောက်မျက်ကုမ္ပဏီ

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ