ထီးချိုင့်မှာ နှစ်ရက်ဆက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိ၊ စစ်အုပ်စုက ပစ်ခတ်လို့ ထီးချိုင့်မြို့ပေါ်က ကိုရင်ငယ်တစ်ပါးနှင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံး၊ တိုက်ပွဲကြောင့် မန္တလေး - မြစ်ကြီးနားလမ်း အသွားအလာ မရဘဲ ကားအစီးရေ ရာချီပိတ်မိခဲ့၊

ထီးချိုင့်မှာ နှစ်ရက်ဆက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး နှစ်ဖက် အကျအဆုံး ရှိ၊ စစ်အုပ်စုက ပစ်ခတ်လို့ ထီးချိုင့်မြို့ပေါ်က ကိုရင်ငယ်တစ်ပါးနှင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံး၊ တိုက်ပွဲကြောင့် မန္တလေး - မြစ်ကြီးနားလမ်း အသွားအလာ မရဘဲ ကားအစီးရေ ရာချီပိတ်မိခဲ့၊

MFP ၊ စက်တင်ဘာ - ၃၀

စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် များနိုင်သလို ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထီးချိုင့် တော်လှန်ရေးအဖွဲ့ - TR Team က ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ကျေးရွာတွေထဲနှင့် ထီးချိုင့်မြို့ပေါ် ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ သောင်းကျန်း ရမ်းကား ပစ်ခတ်လို့ ထီးချိုင့်မြို့ နဝရတ် ရပ်ကွက်က ကိုရင်ငယ်တစ်ပါးနှင့် စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဒေသခံပြည်သူ လေးဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ(၂၉)ရက် မနက်(၆)နာရီခန့်တွင် ထီးချိုင့်မြို့ထဲက ထွက်လာသော စခများ နှင့် ပေါက်ကုန်းရွာ အဝင်နားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ စခများ နဲ့ ကာကွယ်ရေး အဖွဲ့များ ထိတွေ့မှု သုံးနာရီ နီးပါး ဖြစ်ပွားခဲ့ကာ စခ အထိအခိုက် အကျအရှုံး မသိရပါ။ စခများက ပေါက်ကုန်းရွာ၊ရွာသစ်ကုန်း ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် ပေါက်ကုန်း ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသော အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိကာ သေဆုံးခဲ့ပြီး ပြည်သူ့ နေအိမ်အများပြား နှင့်ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင် လက်နက်ကြီး ကျည်ထိမှန် ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

ဒီမနက် (၆)နာရီမှာလည်း ပေါက်ကုန်းရွာကနေ ထီးချိုင့်ဘက် ပြန်ဆုတ်လာတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တည်တောရွာ အနီးမှာ ထပ်မံပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲသည် လေးနာရီနီးပါး ကြာမြင့်ခဲ့ပြီး ထီးချိုင့်မြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့ပါသည်။ စခများ၏ လက်နက်ကြီးကျည်တချို့ နဝရတ် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး ဆွမ်းချိုင့်ကောက်လာသော ဝေပုလ္လ ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ဦးခေါင်းပွင့် သေဆုံးခဲ့ကာ အရပ်သား လင်မယား နှစ်ယောက် မိုင်းစထိ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားမှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါသည်။ တည်တောကျေးရွာ ထဲသို့လည်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ပါသည်။ တည်တောကွင်းထဲက တဲနှစ်တဲကိုလည်း မီးရှို့ဖျတ်ဆီးခဲ့ပါသည်။ တည်တောရွာသား နှစ်ယောက်လည်း မိုင်းစ ထိမှန်ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

အဲ့ဒီ နှစ်ရက်တာ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြည်သူ့ရဲဘော်တစ်ဦး ကျန်းမာရေးကြောင့် အမောဖောက်ကာ ကျဆုံးခဲ့ရသလို ပြည်သူ့ရဲဘော် (၁၀)ဦး လက်နက်ကြီးကျည် ထိကာ မစိုးရိမ်ရ ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

“စခများဘက်လည်း အထိအခိုက် အကျအရှုံး များနိုင်ပြီး စာရင်း အတိအကျ မသိရပါ။ တည်တော၊ သခွတ်ချောင်၊ ကျက်သရေချောင်း၊ ပေါက်ကုန်း၊ ကွင်းကြီး၊ ရွာသစ်ကုန်းမှ ပြည်သူအများအပြား စစ်ရှောင်ခဲ့ရပြီး အခုအခါ သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် ဝင်ရောက်ခဲ့ပါသည်” လို့ ထီးချိုင့် TR Team က ဖော်ပြပါတယ်။

တိုက်ပွဲ ပြင်းထန်နေပြီး မန္တလေး - မြစ်ကြီးနား ကားလမ်းတလျှောက် သွားလာလို့ မရတဲ့အတွက် ခရီးသွား ကားအစီးရေ ရာနှင့်ချီကာ ပိတ်မိခဲ့ပြီး တချို့ကားတွေ ပြန်လည်ထွက်ခွာနိုင်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်နယ် အပါအဝင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြဘ်နယ်အစပ်က မြို့ရွာတွေထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လုယတ်၊ ဓားပြတိုက်၊ ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ထီးချိုင့်နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စု/Photo – CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #မြစ်ကြီးနားလမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ