မန္တလေးအဝင် ထုံးဘိုဂိတ်နားမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ နှစ်ယောက် ပွဲချင်းပြီးသေဟုဆို

မန္တလေးအဝင် ထုံးဘိုဂိတ်နားမှာ စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ နှစ်ယောက် ပွဲချင်းပြီးသေဟုဆို

MFP ၊ နိုဝင်ဘာ - ၇

မန္တလေးမြို့အဝင် မြစ်ငယ် ထုံးဘို တိုးဂိတ် မင်္ဂလာတံတားအနီးမှာ မနေ့က မနက်ပိုင်း စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် ထောက်ပို့ကားတန်းကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် ပွဲချင်းပြီး သေတယ်လို့ Generation Z Power -GZP ( Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၆)ရက် မနက်(၉)နာရီက မန္တလေးမြို့အဝင် ထုံးဘိုဂိတ်အနီးမှာ စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းသယ် ထောက်ပို့ကားကို GZP (Mandalay) ပြောက်ကျားတပ်ဖွဲ့နဲ့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး ပဒေသာမိုင်း သုံးလုံးနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စကစ လေးဦး လိုက်ပါလာတဲ့ ကားတစ်စီး ထိမှန်ခဲ့ပြီး စကစ နှစ်ယောက် ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃) ရက်ကလည်း အဲဒီတံတားအနီးမှာပဲ စကစ (၁၅) ယောက် လိုက်လာတဲ့ ကားကို GZP ( Mandalay) ပြောက်ကျားတပ်ဖွဲ့နဲ့ ပုသိမ်ကြီး ပကဖ တို့ ပူးပေါင်းပြီး ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စကစတွေ ဒဏ်ရာရပြီး စကစ လေးယောက်ကတော့ လေပေါ်ပျံတက်လာကာ လွင့်စင်ပြုတ်ကျ သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့အဝင် ထုံးဘို - မြစ်ငယ်တိုးဂိတ် (ပုံဟောင်း)/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုင်းဆွဲတိုက်ခိုက် #စကစထောက်ပို့ယာဉ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ