မန္တလေး အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး နှလုံးရပ်ပြီး ဆုံးပါး၊

မန္တလေး အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦး နှလုံးရပ်ပြီး ဆုံးပါး၊

MFP ၊ နိုဝင်ဘာ - ၈

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး မနေ့က ညပိုင်းမှာ နှလုံးရပ်ပြီး ဆုံးပါးသွားတယ်လို့ မန္တလေးမြေပြင်ကင်းထောက် VOMDY က ဖော်ပြပါတယ်။

ကွယ်လွန်သူဟာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီး ခံထားရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ အိမ့်သူထက် ဆိုသူ လူငယ်တစ်ဦးဖြစ်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ည (၈) နာရီခွဲမှာ ကွယ်လွန်တာလို့ Vomdy က ဖော်ပြထားပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇) ရက် ညပိုင်းကလည်း မန္တလေး အိုးဘိုထောင်၊ အိပ်ဆောင် (၃)၊ အခန်း (၆) က နိုင်ငံရေး အကျဉ်းသား တစ်ဦး အရေးပေါ် ဆေးဝါး ကုသဖို့ လိုအပ်ပေမယ့် ကုသခွင့် မရခဲ့တာကြောင့် အသက် ဆုံးပါးခဲ့ရပါသေးတယ်။

ဒါ့အပြင် မိတ္ထီလာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် (၂၂) အရွယ် မီးရထား CDM ဝန်ထမ်းတစ်ဦးလည်း အချိန်မီဆေးကုသခွင့်၊ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတဲ့အတွက် စက်တင်ဘာ (၁၈) ရက်က သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ်နေပြီး မန္တလေး အိုးဘိုထောင်၊ မြင်းခြံနဲ့ မိတ္ထီလာ ထောင်တွေမှာ စစ်အုပ်စုက နိုင်/ကျဉ်းတွေကို သေလုမျောပါး ရိုက်နှက် ညှဉ်းပန်းတာ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ ရှိနေတယ်လို့ နိုင်/ကျဉ်းတွေနဲ့ နီးစပ်သူတွေက MFP ကို ပြောဆိုထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုအကျဉ်းထောင် #နိုင်ကျဉ်း #နှလုံးရပ်သေဆုံး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ