စစ်ကိုင်းတိုင်းမှာ ယခုလ (၁၀)ရက်အတွင်း စစ်အုပ်စုက ပြည်သူ(၂၀)ဦးကို ပစ်သတ်၊ အစစ်အဆေးမခံလို့ သတ်တာဖြစ်ပြီး သေဆုံးသူတွေအားလုံး PDF တွေလို့ ထုတ်ပြန်၊

စစ်ကိုင်းတိုင်းမှာ ယခုလ (၁၀)ရက်အတွင်း စစ်အုပ်စုက ပြည်သူ(၂၀)ဦးကို ပစ်သတ်၊ အစစ်အဆေးမခံလို့ သတ်တာဖြစ်ပြီး သေဆုံးသူတွေအားလုံး PDF တွေလို့ ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၁၆

စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ယခု အောက်တိုဘာ(၆)ရက်ကနေ (၁၅)ရက်အတွင်း စစ်ကိုင်းတိုင်း မြို့ရွာအနှံ့က လမ်းသွားလမ်းလာ ဒေသခံ(၂၀)ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ ရွှေဘို၊ ဝက်လက်၊ ကျွန်းလှနှင့် ပုလဲမြို့နယ် စုစုပေါင်း ခုနှစ်မြို့နယ်က လမ်းသွားလမ်းလာ ဒေသခံ (၂၀)ဦးကို သတ်-ဖြတ်ခဲ့တာလို့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေ အားလုံးဟာ PDF တွေ ဖြစ်ပြီး စစ်ဆေးဖို့ တားဆီးရာမှာ အစစ်အဆေးမခံတဲ့အတွက် ပစ်သတ်လိုက်တာ ဖြစ်ကြောင်းနှင့် သေဆုံးသူတွေထဲကနေ ဖုန်း၊ ဆိုင်ကယ်၊ လက်နက်၊ မိုင်း စတာတွေ သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အောက်တိုဘာ (၆)ရက် နေ့လည်(၁၂)နာရီခွဲအချိန် ဘုတလင်မြိုနယ်၊ ရွာသစ်အုပ်စု၊ ရွှေလက်ကျေးရွာအနီးမှာ လမ်းသွားလမ်းလာ အမျိုးသား နှစ်ဦး၊ အောက်တိုဘာ(၆)ရက် ညနေ(၆)နာရီအချိန် မုံရွာမြို၊ အိုးဘိုတောင်ရပ်ကွက်မှာ ဆိုင်ကယ်စီး သွားလာနေသူ အမျိုးသားတစ်ဦး၊ အောက်တိုဘာ(၈)ရက် ညနေ(၅)နာရီခွဲအချိန် ရွှေဘိုမြိုနယ်၊ တကန်သာကျေးရွာအနီးမှာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး၊ အောက်တိုဘာ(၉)ရက် ညနေ(၄)နာရီအချိန် မုံရွာမြို၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ရှေ့ ဆိုင်ကယ်စီး သွားလာနေသူ အမျိုးသားတစ်ဦး၊ အောက်တိုဘာ(၁၀)ရက် မနက်(၆)နာရီအချိန် ဝက်လက်မြိုနယ် ဘုရားလေးကုန်းကျေးရွာအနီး ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသား နှစ်ဦး၊ အောက်တိုဘာ(၁၀)ရက် သီတင်းကျွတ်လပြည့် ည(၁၁)နာရီအချိန် မုံရွာမြို့နယ် တောပုကျေးရွာအနီးမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသား သုံးဦး၊ အောက်တိုဘာ(၁၂)ရက် နေ့လည်(၁)နာရီအချိန် ကျွန်းလှမြို့နယ် ငှက်ပျောတောရွာအနီးမှာ နွားကျောင်းနေတဲ့ အမျိုးသားနှစ်ဦး၊ အောက်တိုဘာ(၁၃)ရက် နေ့လည်(၁၂)နာရီခွဲအချိန် ဘုတလင်မြို့နယ်၊ စီပါကျေးရွာအနီးမှာ လမ်းသွားလမ်းလာ အမျိုးသား နှစ်ဦး၊ အောက်တိုဘာ(၁၃)ရက် ည(၁၀)နာရီအချိန် ပုလဲမြိုနယ်၊ ကန်ဒေါင့်ကျေးရွာ အနီးမှာ အမျိုးသား သုံးဦး၊ အောက်တိုဘာ(၁၄)ရက် နေ့လည်(၁၂)နာရီအချိန် ချောင်းဦးမြိုနယ်၊ မှန်ချိုကျေးရွာအနီးမှာ အမျိုးသား တစ်ဦး၊ အောက်တိုဘာ (၁၅)ရက် မနေ့က ညနေ(၆)နာရီအချိန် ရွှေဘိုမြို၊ ပလိုင်း ခေါ် ပန်းလှိုင် ရွာအနီးမှာ လမ်းသွားလမ်းလာ အမျိုးသား နှစ်ဦး၊ စုစုပေါင်း (၂၀)ဦးကို အစစ်အဆေးမခံဘဲ ထွက်ပြေးတယ်တဲ့အတွက် ပစ်သတ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အစစ်အဆေး မခံလို့ဆိုပြီး စစ်အုပ်စုက သတ်ဖြတ်လိုက်သူတွေအနက် အောက်တိုဘာ(၁၀ရက်၊သီတင်းကျွတ်လပြည့်ညက မုံရွာမြို့ တောပုကျေးရွာအနီး ပစ်သတ်လိုက်သူ သုံးဦးအနက်က နှစ်ဦးကိုသာ PDF အဖြစ် အတည်ပြုနိုင်ပြီး ကျန်တဲ့ (၁၈)ဦးဟာ PDF ဟုတ်၊ မဟုတ် ဖြေရှင်းခွင့် မရဘဲ အသတ်ခံရတာ ဖြစ်ပါတယ်။

အထက်ပါ ယခုလ (၁၀)ရက်အတွင်း အသတ်ခံရသူ (၂၀)ဦးဟာ စစ်အုပ်စုရဲ့ တရားဝင် ထုတ်ပြန်ချက်သာ ဖြစ်ပြီး သတင်းမထုတ်ပြန်ဘဲ သတ်ဖြတ်ခံရသူတွေလည်း အများအပြား ရှိနိုင်ကြောင်းနဲ့ ရွှေဘို၊ ခင်ဦး၊ ရေဦး နယ်တွေက ချောင်းမြောင်တွေနဲ့ လမ်းဘေးနေရာတွေမှာ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခန တွေ့နေရတယ်လို့ ခင်ဦး ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ(၁၄)ရက် နေ့လည်က ချောင်းဦးမြို့နယ် မှန်ချိုရွာအနီးမှာ စစ်အုပ်စုက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့စဉ်/Photo - ချောင်းဦး ပြည်သူ့သတင်း

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ရွှေဘို #ဖမ်းဆီးစစ်ဆေ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ