ဓားပြတိုက်သလို မီတာခ ကောက်ပြီး မဆောင်ရင် မီးဖြတ်နေတဲ့ ရွှေဘို လျှပ်စစ်ရုံးကို သတိပေး ဖောက်ခွဲ၊ စစ်အုပ်စုနှင့်ပေါင်းပြီး သောင်းကျန်းနေတဲ့ ဝန်ထမ်းတွေကိုပါ ဆက်လက် တိုက်ခိုက်မယ် ဟုဆို၊

ဓားပြတိုက်သလို မီတာခ ကောက်ပြီး မဆောင်ရင် မီးဖြတ်နေတဲ့ ရွှေဘို လျှပ်စစ်ရုံးကို သတိပေး ဖောက်ခွဲ၊ စစ်အုပ်စုနှင့်ပေါင်းပြီး သောင်းကျန်းနေတဲ့ ဝန်ထမ်းတွေကိုပါ ဆက်လက် တိုက်ခိုက်မယ် ဟုဆို၊

MFP ၊ အောက်တိုဘာ - ၁

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ် လျှပ်စစ်ရုံးကို ဒီမနက်ပိုင်း မိုင်းနှစ်လုံးနဲ့ သတိပေးဖောက်ခွဲ ခဲ့ပြီး စစ်အုပ်စုနှင့် ပေါင်းကာ အတင်းအကျပ် မီတာခတွေ ဆက်လက် ကောက်ခံနေပါက ဝန်ထမ်းတွေကိုပါ တိုက်ခိုက်မယ်လို့ ရွှေဘို BLCK WOLF – PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁)ရက် မနက်(၆)နာရီမှာ ရွှေဘိုမြို့နယ်အတွင်း စစ်အုပ်စုနှင့်ပေါင်းပြီး လျှပ်စစ်မီတာခ အတင်းအကျပ် လိုက်လံ ကောက်ခံတာ၊ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်ဆောင်နေတဲ့ ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်ရှိ လျှပ်စစ်မီတာရုံးကို မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

“ယခု ဖောက်ခွဲ တိုက်ခိုက်မှုသည် သတိပေးသည့် ဖောက်ခွဲတိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး နောက်နောင် လျှပ်စစ်မီတာခများအား အတင်းအကြပ် ကောက်ခံပါက မီတာရုံး အတွင်းရှိ ဝန်ထမ်းများအားလည်း တိုက်ခိုက်သွားမည် ဖြစ်သည်။ ထို့ကြောင့် ရွှေဘိုမြို့အတွင်းရှိ စစ်ကောင်စီ အလိုကျ တာဝန်ထမ်းဆောင် လျက်ရှိသော အခွန်ရုံး ဝန်ထမ်းများနှင့် အခြားဋ္ဌာနမှ ဝန်ထမ်းများလည်း ယခုလ အတွင်း CDM ပြုလုပ်ကြရန် နောက်ဆုံး အကြိမ် သတိပေးသည်။ ကျွန်ုပ်တို့ ထုတ်ပြန်ချက်ကို မလိုက်နာပါက နောက်နောင် ဖြစ်လာမည့် အကျိုးဆက်ကို မိမိတို့ဘာသာ ခံစားရမည်ဖြစ်သည်” လို့ BLACK WOLF PDF က ဖော်ပြပါတယ်။

ရွှေဘို မြို့နယ် လျှပ်စစ်ရုံး မိုင်းထောင်ဖောက်ခွဲ ခံရမှုကြောင့် ရုံးအဆောက်အဦးရဲ့ ကော်ရစ်တာ၊ မျက်နှာကျက်နှင့် အမိုးတွေ ပျက်စီးခဲ့တယ်လို့ စစ်အုပ်စုဘက်က ဆိုပါတယ်။

ရွှေဘိုလျှပ်စစ်ရုံးက ဝန်ထမ်းတွေ အပါအဝင် ရွှေဘိုနယ်ထဲက စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတွေဟာ စစ်အုပ်စုနှင့် ပေါင်းကာ ဒေသခံ ပြည်သူတွေအပေါ် ထင်တိုင်ကျဲ အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘို လျှပ်စစ်ရုံးက ဝန်ထမ်းတွေဟာ စကစ လက်နက်ကိုင်တွေ ခေါ်လာပြီး ဓားပြတိုက်သလိုမျိုး လျှပ်စစ်မီတာခတွေ အတင်းအကျပ် ကောက်ခံနေပြီး မပေးဆောင်သူတွေကို မီးဖြတ်တာတွေ၊ ဒဏ်ကြေးရိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေဘိုမြို့ပေါ် ရပ်ကွက်တွေကလွဲလို့ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်အုပ်စုက လျှပ်စစ်မီး ဖြတ်တောက်ထားတာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်ပြီး ဒေသခံ ပြည်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခွင့် မရတော့ဘဲ စားဝတ်နေရေး အခက်တွေ့နေရတယ်လို့ ရွှေဘိုဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြိုကနယ် လျှပ်စစ်ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရစဉ်/Photo – S

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ပျူ #ဝါသ၀ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ