အိန္ဒိယ - မြန်မာ နယ်စပ်က စစ်ဘေးရှောင် ကျောင်းသားတွေကို တမူး PDF တပ်ရင်း(၁)က ကြာဇံကြော် ကျွေးမွေးလှူဒါန်း၊

အိန္ဒိယ - မြန်မာ နယ်စပ်က စစ်ဘေးရှောင် ကျောင်းသားတွေကို တမူး PDF တပ်ရင်း(၁)က ကြာဇံကြော် ကျွေးမွေးလှူဒါန်း၊

MFP ၊ နိုဝင်ဘာ - ၇

အိန္ဒိယ - မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးနယ်ထဲက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းနှစ်ကျောင်းမှာ ပညာသင်ယူနေတဲ့ စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ကလေးငယ်တွေကို ဒီမနက်ပိုင်း ကြာဇံကြော် ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁)က ဖော်ပြပါတယ်။

"ဒီနေ့ ရွာလေးနှစ်ရွာမှာရှိတဲ့ NUG အသိအမှတ်ပြု စစ်ဘေးရှောင် စာသင်ကျောင်းလေး နှစ်ကျောင်းမှာပေါ့။ တန်ဆောင်မုန်းလပြည့်နေ့ (တန်ဆောင်တိုင်) အထိမ်းအမှတ်အဖြစ် ကျနော်တို့ တပ်ရင်း(၁) ရဲဘော်ညီအစ်ကို မောင်နှမတွေက ကြာဇံကြော် စတုဒိသာ အလှူလေး သွားလုပ်ဖြစ်ကြတယ်။ တစ်ကျောင်းက မူလတန်းကျောင်းလေး၊ ကျောင်းသားဦးရေ(၆၀)နဲ့ ဆရာမ သုံးယောက်။ နောက်တစ်ကျောင်းက အထက်တန်းအထိ ကျောင်းလေး။ ကျောင်းသားဦးရေ(၈၀)နဲ့ ဆရာ ဆရာမ (၁၀)ဦးခန့်။ နှစ်ကျောင်းလုံး ကျောင်းကော်မတီလေးတွေ ဖွဲ့ပြီး ဖြစ်သလိုရုန်းကန် နေကြရရှာတယ်။ ကြာဇံကြော် မစားရတာ ကြာလို့လားတော့ မသိဘူး ကလေးတွေ စားလိုက်ကြတာ။ တစ်ယောက်ကို အနည်းဆုံး နှစ်ပန်းကန်ပဲ။ ကလေးတွေ အားရပါးရစားကြတာ မြင်ရတော့ ကျနော်တို့လည်း ပီတိဖြစ်ရတာပေါ့။ ကလေးတွေကို အခုလို ခဏခဏ ကျွေးချင်တယ်ဗျာ။ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်ကလည်း ပြည်သူကျွေးတာ စားနေရသူတွေ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ညီငယ်လေးတွေ ညီမလေးတွေ အခုလို ချို့ချို့ငဲ့ငဲ့ ပုန်းလျှိုးကွယ်လျှိုးနဲ့ မဟုတ်ဘဲ လွတ်လွတ်လပ်လပ် အဆင့်အတန်း ရှိရှိ ပညာသင်ကြားခွင့်ရဖို့ ကျနော်တို့မှာ တာဝန်ရှိကြောင်း ညီငယ် ညီမငယ်လေးတွေရဲ့အနာဂတ်သာယာလှပဖို့ အစ်ကိုတို့ အစ်မတို့ တိုက်ပွဲဝင်နေကြောင်း၊ အရာရာခက်ခဲနေကြတဲ့ အခုလိုအချိန်မှာ စိတ်ဓါတ်မကျဘဲ ပညာကို ကျားကုတ်ကျားခဲ ကြိုးစား သင်ယူကြဖို့ အားပေးစကားလေးတွေတော့ ပြောဖြစ်ခဲ့ကြပါတယ်။ ကျနော်တို့ အပြန်လမ်းမှာတော့ ငါတို့ရဲ့ရင်သွေးလေးတွေ အနာဂတ်မပျောက်ဖို့ ငါတို့ ပိုရုန်းကန်ကြရဦးမယ်ဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့" လို့ တမူး PDF တပ်ရင်း (၁)က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ် အကြမ်းဖက်မှုတွေကြောင့် တမူးနယ်က ဒေသခံတွေ အပါအဝင် နိုင်ငံအနှံ့အပြားက ပြည်သူတွေ အိန္ဒိယ - မြန်မာနယ်စပ်မှာ စစ်ဘေးရှောင် ခိုလှုံနေကြရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #ကျောင်းသား #ကျောင်း #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ