နွားထိုးကြီးမှာ စစ်အုပ်စုက အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူလေးဦးကို ဖမ်းခေါ်သွားပြီး ဦးခေါင်းတေ့ ပစ်သတ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်၊

နွားထိုးကြီးမှာ စစ်အုပ်စုက အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူလေးဦးကို ဖမ်းခေါ်သွားပြီး ဦးခေါင်းတေ့ ပစ်သတ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်၊

MFP ၊ နိုဝင်ဘာ - ၄

မန္တလေးတိုင်း နွားထိုးကြီးမြို့မှာ စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး မနေ့ညက အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ပြည်သူလေးဦးကို နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးသွားပြီးနောက် ဦးခေါင်းကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရသူ လေးဦးဟာ နွားထိုးကြီးမြို့ပေါ်က သုံးဦးနှင့် ဆူးဖြူကန်ရွာတစ်ဦးဖြစ်ပြီး မနေ့က ညပိုင် အိမ်ထဲဝင် ဖမ်းခေါ်သွားပြီးနောက် ဒီမနက်မှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ "မနေ့ညက စခနဲ့ စကစ လက်အောက်ခံ ပျူတွေ နွားထိုးကြီးမြို့ပေါ်မှ ကျား နှစ်ဦး၊ မ တစ်ဦး၊ ဆူးဖြူကန်ရွာမှ ကျားတစ်ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့" လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး PDF တွေက ဖမ်းဆီး သတ်ဖြတ်တာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ဒီနေ့ နိုဝင်ဘာ(၄)ရက် မနက်(၇)နာရီမှာ နွားထိုးကြီးမြိုနယ်၊ ဇေဒိတ်ရွာနှင့် ထန်းတောရွာကြား ကျေးရွာချင်းဆက်လမ်းမှာ အမျိုးသားအလောင်း နှစ်လောင်းနှင့် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရပြီး သေဆုံးသူတွေဟာ နွားထိုးကြီးမြို့၊ အမှတ်(၈)ရပ်ကွက်က ဦးသန်းမြင့်ဆွေ (၅၉)နှစ်၊ အမှတ်(၇)ရပ်ကွက်က ဒေါ်အေးမြတ်မွန် (၄၂)နှစ်နှင့် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ သုံးဦးကို မနေ့က ည(၁၀)နာရီဝန်းကျင်မှာ လူငါးယောက်က နေအိမ်ထဲ စီးနင်းဝင်ရောက် ဖမ်းဆီးသွားတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

ဒါ့အပြင် နွားထိုးကြီးမြိုနယ်၊ လက်ပန်ရွာနှင့် ဇဂျမ်းကုန်းရွာသွား လမ်းဘေးမှာ ဒီမနက်ပိုင်း အလောင်းတွေ့ရှိပြီး သေဆုံးသူဟာ နွားထိုးကြီးမြိုနယ်၊ ဆူးဖြူကန်ကျေးရွာက ဦးစောရွှေ (၅၅) နှစ်ကာ မနေ့က ညပိုင်းမှာ လူငါးဦးက လာဖမ်းသွားပြီး ဦးခေါင်းတေ့ပြီး ပစ်သတ်သွားတာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် နယ်တွေထဲ စစ်အုပ်စုနှင့် စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး အောက်တိုဘာလဆန်းပိုင်းကလည်း နွားထိုးကြီးနှင့် တောင်သာ မြို့က ပြည်သူ ခြောက်ဦး အပါအဝင် ညောင်ဦးနယ် ငါ့သရောက်မြို့က ပြည်သူခြောက်ဦး၊ စုစုပေါင်း ပြည်သူ (၁၂)ဦးကို သွေးသောက်အဖွဲ့အမည်ခံကာ စစ်အုပ်စုက ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

NLD ပါတီဝင်တွေကို သွေးသောက်အဖွဲ့က သတ်ဖြတ်တာလို့ စစ်အုပ်စုက သတင်းထုတ်ပြန်ပြီး သွေးသောက်အဖွဲ့က ဆက်လက် သတ်ဖြတ်ဦးမှာမို့ NLD ပါတီဝင်တွေနဲ့ PDF ထောက်ပံ့သူတွေ သတိထားကြဖို့ မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပက လက်အောက်ခံ စစ်လော်ဘီတွေက ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာပဲ ငါန်းဇွန်မြို့နယ် ဂျွန်းကန်ရွာက စစ်ကောင်စီသတင်းပေး ထွေအုပ်စာရေး လင်မယား အသတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုက အမျိုးသမီးတစ်ဦး အပါအဝင် လူငယ်ငါးဦးကို ဖမ်းဆီးကာ ဦးခေါင်းတေ့ ပစ်သတ်ခဲ့ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါသေးတယ်။

ဂျွန်းကန်ရွာက ထွေအုပ်စာရေး လင်မယားဟာ မြို့သာမြို့အနီးက PDF စခန်းကို စစ်အုပ်စုထံ သတင်းပေးဖမ်းဆီးခိုင်းတဲ့အတွက် ရှင်းလင်းတာဖြစ်ကြောင်း မြစ်ငယ် MN PDF က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းက မြင်းခြံနယ် အပါအဝင် မိတ္ထှလာ၊ ဝမ်းတွင်း၊ မတ္တရာ စတဲ့ နယ်တွေထဲ စစ်အုပ်စုက ဒေသခံပြည်သူတွေကို နေ့စဉ်နီးပါး ဖမ်းဆီး သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြင်းခြံ #နွားထိုးကြီး #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ