စစ်ကောင်စီကို ထွက်ပေါက်ရှာခွင့်၊ အချိန်ဆွဲခွင့် မပေးဘဲ ညီညွတ်မှု အားနဲ့ အမြစ်ဖြတ်ဖို့ ဦးရည်မွန်က PDF တွေကို တိုက်တွန်း၊

စစ်ကောင်စီကို ထွက်ပေါက်ရှာခွင့်၊ အချိန်ဆွဲခွင့် မပေးဘဲ ညီညွတ်မှု အားနဲ့ အမြစ်ဖြတ်ဖို့ ဦးရည်မွန်က PDF တွေကို တိုက်တွန်း၊

MFP ၊ အောက်တိုဘာ - ၅

နိုင်ငံရေး ထွက်ပေါက်ပိတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အချိန်ဆွဲဆန့်ကာ ထွက်ပေါက်ရှာဖို့နှင့် တော်လှန်ရေး ပျက်စီးစေဖို့ ကြံရွယ်နေတာကြောင့် စစ်အုပ်စု အလိုကျ မဖြစ်စေရေး ညီညွတ်မှုအားနဲ့ အမြစ်ဖြတ်ဖို့ လိုကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဝန်ကြီး ဦးရည်မွန်က PDF တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီးက PDF တွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်အဖြစ် ဒီနေ့ စက်တင်ဘာ (၅) ရက်မှာ ပြောကြားတဲ့ ဝန်ကြီး ဦးရည်မွန် ရဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း တိုက်တွန်း ထားတာ ဖြစ်ပါတယ်။

“တကယ်တမ်း စစ်ကောင်စီ လိုချင်တာက အချိန်ပဲ။ အချိန်ကို ဆွဲဆန့်နိုင်တာနဲ့အမျှ ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓာတ် တစ်ဖြည်းဖြည်း ကျဆင်းသွားစေဖို့၊ လက်နက်နဲ့ ရန်ပုံငွေ အခက်အခဲကြား တော်လှန်ရေး အင်အား တစစ ယုတ်လျော့သွားစေဖို့၊ တော်လှန်ရေး အင်အားစု အချင်းချင်း စိတ်အခန့်မသင့်မှု များလာရာကနေ စုစည်းညီညွတ်မှု ပြိုကွဲသွားစေဖို့ သူတို့ လိုလားတယ်ဆိုတာ သေချာတယ်။ စစ်ကောင်စီ အလိုကျ ဘယ်တော့မှ အဖြစ်မခံဘူးဆိုတာ ပြည်သူကို ငါတို့ အာမခံရ လိမ့်မယ်၊ ငါတို့ ညီရမယ်။ ငါတို့ စုစည်းရမယ်။ စစ်ကောင်စီကို ထွက်ပေါက်ရှာခွင့်၊ အချိန်ဆွဲခွင့် ငါတို့ ပေးလို့မရဘူး“ လို့ ဦးရည်မွန်က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး ထွက်ပေါက်ရော စစ်ရေး အသက်ရှုပေါက်ပါ အသည်းအသန် ရှာနေတာ ဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့၊ ဖျက်သိမ်းဖို့ စတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ပြောဆို လုပ်ကိုင်နေမှုတွေဟာ နိုင်ငံရေး ထွက်ပေါက်ရှာဖို့ ကြံစည် အားထုတ်နေတာလို့လည်း ဦးရည်မွန်က ဆိုပါတယ်။

“စစ်ကောင်စီ အစိုးရိမ်ဆုံးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တညီတညွတ်တည်း တော်လှန်ရေးထဲ ပါဝင်လာမယ့် အရေးပဲ ဖြစ်တယ်။ ဒါ့ကြောင့် နယ်မြေ၊ ကိုယ်ကျိုးစီးပွား၊ အာဏာဝေစု၊ မက်လုံးပေးပြီး လက်နက်ကိုင် အဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကို ဖြိုခွဲပြစ်ဖို့ဟာ သူတို့ရဲ့ မဟာဉာဏ်နီ ဉာဏ်နက် ဖြစ်တယ်ဆိုတာ ငါတို့ သတိပြုနိုင်တယ်။ နယ်မြေဒေသ တချို့မှာ တိုင်းရင်းသား အချင်းချင်း သွေးခွဲ၊ သပ်လျှို၊ ရန်တိုက်ပေးတဲ့ နည်းနဲ့ တော်လှန်ရေးလှိုင်း ရှေ့တိုးမလာအောင် ဟန့်တားနှောက်ယှက် နေတယ် ဆိုတာလည်း တွေ့နိုင်တယ် “ လို့လည်း NUG ကာကွယ်ရေးဝန်ကြီးက သတိပေးပါတယ်။

အာဏာသိမ်း စစ်အုပ်စု အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းချင်တာနဲ့ အာဏာကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့အတွက် ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်အုပ်စုရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွါး လိုဘကို မဖြည့်ပေးနိုင်တဲ့အပြင် စစ်အုပ်စုကျူးလွန်တဲ့ မတရား စစ်ရာဇဝတ်မှုတွေကို ဖွဲ့စည်းပုံက အကာအကွယ် မပေးနိုင်တဲ့အတွက် ဖျက်သိမ်းပြင်ဆင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ဦးရည်မွန်က ဆက်လက် ပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုက လာမယ့်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲ လုပ်ပြီး မင်းအောင်လှိုင်က သမ္မတ လုပ်ဖို့ ကြံစည် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဦးရည်မွန် #NUG #MOD #နွေဦးတော်လှန်ရေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ