တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး၊ အလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်၊

တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး၊ အလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်၊

MFP၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်း ရေဦးနှင့် တန့်ဆည်နယ်အစပ်၊ ရွာဂူကြီးရွာနဲ့ ဒယ်ရောက်ရွာအနီး မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF အလောင်း လေးလောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အောက်တိုဘာ(၈)ရက် ညနေ(၃)နာရီက တန့်ဆည်မြိုနယ်၊ ဒယ်ရောက်နှင့် ကလဇင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် PDF အလောင်း လေးလောင်းနှင့်အတူ အမ် -၂၂ သေနတ် နှစ်လက်၊ အမ်-၄ သေနတ် တစ်လက်၊ လက်လုပ်မိုင်း ခုနှစ်လုံး၊ ဝါယာကြိုး တစ်ခွေ၊ ကျည်ဆံနှင့် ကျည်အိမ်တွေ သိမ်းဆည်း ရရှိတာလို့ စစ်အုပ်စုက ဆိုပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်ကောင်စီ တပ်မ(၃၃)နဲ့ ပျူစောထီး ပူးပေါင်း အင်အား(၇၀)ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ (၄၅)မိနစ်ကြာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ခြောက်ယောက်ထက်မနည်း သေသလို ပြည်သူ့ရဲဘော်တွေဘက်က သုံးဦး ကျဆုံးပြီး လေးဦး ပျောက်ဆုံးနေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရေဦးက ပြောပါတယ်။

ရေဦးနဲ့ တန့်ဆည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော်သုံးဦး ကျဆုံးပြီး လေးဦးကတော့ စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်သွားသလားဆိုတာ အတိအကျ မသိရသေးဘဲ အခုထိတော့ ပျောက်ဆုံးအခြေအနေပဲ သတ်မှတ်ထားတယ်လို့ ရေဦး ပကဖ က ဆိုပါတယ်။

အောက်တိုဘာ(၈)ရက်က တန့်ဆည်မြို့နယ်၊ တပ်သစ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ကလဇင်ရွာနှင့် ဒယ်ရောက်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ကျေးရွာထဲ အဆက်မပြတ် ပစ်ခက်လို့ ရွာသူရွာသားများအား အရေးပေါ် ကယ်ထုတ်ရင်း တိုက်ခိုက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့တာလို့ Myanmar Defense Force - Hydra Force က ဖော်ပြပါတယ်။

တန့်ဆည်နယ်၊ ဒယ်ရောက်ရွာ တိုက်ပွဲမှာ MDF- Hydra Force၊ ၊မြောက်ပိုင်းမဟာမိတ် (ဓူဝံ)၊ SSTF တပ်ဖွဲ့၊ ရေဦးမြောက်ပိုင်း မဟာမိတ်တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဒယ်ရောက်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ရေဦး #MDF #ဓူဝံ #ဒယ်ရောက် #ပြည်သူ့ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ