ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူ ယောဒေသ ကာကွယ်ရေးတပ် - YDF ဒု-စစ်ဦးစီးချုပ်ရဲ့ နာရေး ၊

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူ ယောဒေသ ကာကွယ်ရေးတပ် - YDF ဒု-စစ်ဦးစီးချုပ်ရဲ့ နာရေး ၊

MFP ၊ အောက်တိုဘာ - ၁၁

မကွေးတိုင်း ဂန့်ဂေါနယ် ကျွန်းခုံသာရွာအနီးမှာ အောက်တိုဘာ(၉)ရက် ညပိုင်းက စစ်အုပ်စုရဲ့ ချောင်းမြောင်း ပစ်ခတ်ခံရပြီး ကျဆုံးခဲ့သူ ယောဒေသ ကာကွယ်ရေး - YDF တည်ထောင်သူနှင့် ဒု-စစ်ဦးစီးချုပ် ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုးရဲ့ နာရေး အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့တယ်လို့ YDF ကသတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၉)ရက် ညပိုင်းက ဂန့်ဂေါနယ် ကျွန်းခုံသာရွာအနီးမှာ လမ်းခရီးသွားလာနေတဲ့ YDF ဒု-စစ်ဦးစီးချုပ် ရဲဘော်ကိုဖြိုးနှင့် YDF တပ်ရင်း(၃)က ရဲဘော် ပွားလေးတို့ကို စကစ ရှစ်ယောက်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ယောကာကွယ်ရေးတပ် - YDF တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုး နှင့် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်း တို့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာ(၉)ရက် (တနင်္ဂနွေနေ့) တွင် အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့်အတွက် ဤအမိန့်ပြန်တမ်းစာ ထုတ်ပြန်လိုက်သည်။ ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုးနှင့် ရဲဘော် ပွားလေး (ခ) ပြည့်ဖြိုးလင်း တို့သည် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း အမိနိုင်ငံတော်အတွက် သင်တို့၏ အသက်ကို ပေးလှူခဲ့သည်။ သို့အတွက် ယောကာကွယ်ရေးတပ် - YDF မှ သင်တို့အတွက် ယူကျုံးမရ ဖြစ်သလို သင်တို့၏ ပေးဆပ်မှုအတွက် ဂုဏ်လည်း ဂုဏ်ယူမိပါသည်။

ဆက်လက်၍ မပြီးပြတ်သေးသော အာဏာရှင် စနစ်တော်လှန်ရေးကို ပြီးဆုံးအောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု သင်တို့ ဝိညာဉ်ရှေ့၌ ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ်ဖွဲ့မှ ကတိသစ္စာပြုအပ်ပါသည်။ ယခုအခါ သင်တို့၏ ဝိညာဉ်သည် ငြိမ်းချမ်းစွာ အနားယူနိုင်ပြီး ငြိမ်းချမ်းသော နေရာ၊ မြင့်မြတ်သောနေရာသို့ ရောက်ရှိပြီးဖြစ်သည့်အတွက် ယနေ့မှစ၍ သင်တို့သည် ယောကာကွယ်ရေးတပ် - YDF နှင့် လုံးဝ မသက်ဆိုင်တော့ပါ။ သင်တို့ သွားလိုရာ သွားနိုင်ပါပြီဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပါသည်" လို့ ယောကာကွယ်ရေးတပ်ဖွဲ့ က အမိန့်ပြန်တမ်း ထုတ်ပြန်ပါတယ်။

YDF ဒု-စစ်ဦးစီးချုပ် ရဲဘော် ကိုဖြိုး သည် အသက်(၂၁)နှစ်အရွယ်သာ ရှိသေးပြီး YDF ဦးစီးတည်ထောင်သူများထဲက တစ်ဦးဖြစ်ကာ ရဲဘော် ကိုဖြိုး ကျဆုံးမှုအတွက် ရက္ခိုင့်တပ်တော် (AA) အာလဖာ(၃)စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ယော #YDF #ယောဒေသကာကွယ်ရေးတပ် #ရဲဘော်ကိုဖြိုး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ