NUG က ရောင်းနေတဲ့ မန္တလေးမြို့လည်မြေကွက် တစ်ဦးတည်းက ဒေါ်လာ (၂)သန်းကျော်ဖိုး ဝယ်ယူ၊ မန္တလေးက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေ အကွက်ရိုက်ရောင်းချမှု ဒေါ်လာ(၁၅)သန်းဝန်းကျင် ရရှိ၊

NUG က ရောင်းနေတဲ့ မန္တလေးမြို့လည်မြေကွက် တစ်ဦးတည်းက ဒေါ်လာ (၂)သန်းကျော်ဖိုး ဝယ်ယူ၊ မန္တလေးက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေ အကွက်ရိုက်ရောင်းချမှု ဒေါ်လာ(၁၅)သန်းဝန်းကျင် ရရှိ၊

MFP ၊ နိုဝင်ဘာ - ၅

မန္တလေးမြို့ပေါ်က စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို နွေဦးတော်လှန်ရေး ရံပုံငွေအတွက် အကွက်ရိုက် ရောင်းချရာမှ မဟာအောင်မြေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်လမ်း - ၃၈ လမ်းဘေးက မြေတွေကို တစ်ဦးတည်းက အမေရိကန်ဒေါ်လာ (၂)သန်းကျော်ဖိုး ဝယ်ယူသွားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ရံပုံငွေရှာဖွေရေးအစီအစဉ် အာဏာရှင်အဆုံးသတ် နိဂုံး - EOD က သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးမြို့လယ် (၇၈)လမ်းနဲ့ (၇၃)လမ်းကြား၊ (၃၈)လမ်းနဲ့ မန္တလေး တက္ကသိုလ် ရေနီမြောင်းကြားက မြေနေရာကို နွေဦးနှင်းဆီ စီမံကိန်းအဖြစ် ပေ(၁၀၀)ပတ်လည် မြေကွက် စုစုပေါင်း အကွက်(၂၀)ရောင်းချရာမှာ ဒေါ်လာ(၂ဒဿမ၄)သန်းဖိုး (၁၀)ကွက်ကို တစ်ဦးတည်းက ဝယ်ယူသွားတယ်လို့ EOD က ဆိုပါတယ်။

"ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံကြမယ့် ရွှေမန္တလေးရဲ့ EOD စီမံကိန်းတွေထဲက နွေဦးနှင်းဆီ ရဲ့ ပေ (၁၀၀x၁၀၀) မြေကွက်တွေနဲ့ ပတ်သက်ပြီး ဝမ်းသာစရာ သတင်းစကား ပေးချင်ပါတယ်။တော်လှန်ရေးမှာ ရွှေမန်းသူ ရွှေမန်းသားတွေ ဘယ်တော့မှ နောက်ကျ မကျန်ခဲ့ဘူး ဆိုတာကို ထပ်မံသက်သေ ပြလိုက်တာပါပဲ။ မဟာအောင်မြေမြို့၊ အောင်ဆန်းစုကြည်လမ်း တောင်ဘက်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာမှာ ဖော်ဆောင်တဲ့ “နွေဦးနှင်းဆီ” မှာ ပေ (၁၀၀x၁၀၀) မြေကွက်ပေါင်း (၂၀) ပါဝင်ပြီး တကွက်ကို တော်လှန်ရေး ကာလအတွင်း ဒေါ်လာ (၂သိန်း၄သောင်း) ပေးသွင်းရမယ့် မြေကွက်များ ဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ အောက်တာဘာ (၁)ရက်ကနေ ဒီနေ့ထိ (၁၀)ကွက် ရောင်းချခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျန်တဲ့ (၁၀)ကွက်၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၂ဒဿမ၄) သန်းဖိုးကို တစ်ဦးတည်း ဝယ်ယူပြီး တော်လှန်ရေးကို အားရပါးရ ထောက်ပို့မယ့် ပြည်သူ တစ်ဦးပေါ်လာခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုသလို တော်လှန်ရေးမှာ တတ်နိုင်သမျှ ပါဝင်နေကြတဲ့ ပြည်သူ အပေါင်းကိုလည်း ဦးညွှတ်လိုက်ပါတယ်။ တော်လှန်ပြည်သူတွေ ကိုယ်တိုင် ပါဝင်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ့်မြေကို စစ်အာဏာရှင်လက်ကနေ ကိုယ်တိုင်ပဲ ပြန်ယူကြဖို့ အခြား စီမံကိန်း၊ အခြား မြေကွက်တွေ ရှိပါသေးတယ်" လို့ EOD က ဖော်ပြပါတယ်။

အဲဒီ နွေဦးနှင်းဆီ စီမံကိန်းက ပေ (၁၀၀) ပတ်လည် မြေကွက်တွေကို တစ်ကွက် ဒေါ်လာ (၆)သိန်းနှုန်းနဲ့ ရောင်းချတာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ဒေါ်လာ (၂)သိန်း(၄)သောင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

“ ထိုကဲ့သို့ ပမာဏများများ ဝယ်ယူအားပေးသူများနည်းတူ မိမိတို့ နိုင်သမျှ တဦးချင်း တကွက်ချင်း ဝယ်ယူအားပေးကြသူများအားလုံးနှင့် နိုင်ရာဝန်ထမ်းနေကြတဲ့ တော်လှန်ပြည်သူအားလုံးကို တော်လှန်ရေး အောင်စိတ်ဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည် “ လို့ NUG ရဲ့စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

ရန်ကုန်နှင့် မန္တလေးက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို နွေဦးတော်လှန်ရေး ရန်ပုံငွေ ရဖို့ အကွက်ရိုက် ရောင်းရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၄၀)ဝန်းကျင် ရန်ပုံငွေ ရရှိနေပြီး မန္တလေး တစ်မြို့တည်းမှာကိုပဲ ဒေါ်လာ (၁၅)သန်း ဝန်းကျင် ရရှိနေပြီလို့ EOD က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မန္တလေးမြို့ပေါ်က စစ်အုပ်စု အပိုင်စီးထားတဲ့ မြေနေရာတွေထဲက မဟာအောင်မြေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းဘေးက မြေတွေကို နွေဦးနှင်းဆီ၊ မန္တလေးတောင်ခြေက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေနေရာကို နွေဦးတောင်ရိပ်ညို စီမံကိန်းနှင့် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မန္တလေး နည်းပညာတက္ကသိုလ် (MIT) အနီးက မြေနေရာတွေကို နွေဦးရောင်စဉ် စီမံကိန်းအဖြစ် အကွက်ရိုက် ရောင်းချနေတာ ဖြစ်ပါတယ်။

နွေဦးရောင်စဉ် စီမံကိန်းအဖြစ် ရေတံခွန်တောင်ခြေက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို အောက်တိုဘာ(၁)ရက်က စတင်ပြီး ပေ(၆၀x၈၀) မြေကွက်နဲ့ ပေ(၄၀x၆၀)တွေအဖြစ် အကွက်ရိုက်ရောင်းချရာမှာ ပေ(၄၀x၆၀) မြေကွက် အကွက် (၄၀၀) ရက်အနည်းငယ်အတွင်း ရောင်းကုန်သွားကာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေသေးတဲ့အတွက် မန္တလေး နွေဦးရောင်စဉ် စီမံကိန်းက ပေ(၆၀x ၈၀) မြေကွက် (၁၀၀)ကို ပေ(၄၀x၆၀) မြေကွက် (၂၀၀)အဖြစ် ပြောင်းလဲရောင်းချမယ်လို့ EOD က ဆိုပါတယ်။

မန္တလေးမြို့က စစ်အုပ်စု အပိုင်စီးထားတဲ့ မြေကွက်တွေထဲက မန္တလေး နန်းမြို့တွင်းက မြေတွေကိုလည်း NUG က ဆက်လက် ရောင်းချဦးမယ်လို့ ထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွေဦးနှင်းဆီ #နွေဦးတော်လှန်ရေးရန်ပုံငွေ #တပ်သိမ်းမြေ #EOD

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ