မန္တလေး နန်းတွင်းနေ စစ်အုပ်စုက မတ္တရာဘက်က ရွာတွေကို ဝင်မွှေလုယက် မီးရှို့သောင်းကျန်း၊

မန္တလေး နန်းတွင်းနေ စစ်အုပ်စုက မတ္တရာဘက်က ရွာတွေကို ဝင်မွှေလုယက် မီးရှို့သောင်းကျန်း၊

MFP ၊ ဩဂုတ် - ၂၄

မန္တလေးမြို့လယ် နန်းတွင်းမြောက်ဖက်အပေါက်က ထွက်သွားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ မတ္တရာနယ်ထဲက ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ (၂၂)ရက် ညနေ (၇)နာရီလောက်မှာ နန်းတွင်းထဲက ထွက်လာတဲ့ အင်အား (၅၀)ခန့်ပါ စစ်ကား (၆)စီးဟာ ည(၈)နာရီခွဲမှာ မြင့်ကုမ္ပဏီကွန်ကရစ်လမ်းအတိုင်း ဝင်ရောက်ပြီး ခြေတော်ရာဂူကျောင်းလမ်းအတိုင်း ခြေလျင်မွှေနှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၂၃)ရက် မွန်းလွဲပိုင်းမှာ ဇီးဖြူပင်ကျေးရွာကို ရောက်ပြီး သစ်တောရုံးနဲ့ စာသင်ကျောင်းမှာ တပ်စွဲကာ ညနေ (၄) နာရီကျော်အချိန်မှာ လူနေအိမ်တွေကို မီးစရှို့ခဲ့တယ်လို့ ဒေသခံအချို့က MFP ကို ပြောဆိုပါတယ်။

“ မနေ့က ညပိုင်းမှာ မီးခိုးတွေ အူတက်နေတာ တွေ့ရပါတယ်။ စခတွေဟာ ခုထိ ရှိနေသေးပြီး အနီးနားကတောတွေနဲ့ ရွာတွေကိုဖြန့်၀င်နေပါတယ်၊ ဒါကြောင့် မီးရှို့ခံရတဲ့အသေးစိတ်ကို မသိရသေးပါဘူး “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇီးဖြူပင်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၁)ရက်မှာ ခြေလျင်တက်လာတဲ့ စစ်အုပ်စုကို နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့နဲ့ တိုက်သိမ်း မြေအောက်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စကစ (၃)ယောက်သေပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မတ္တရာနဲ့ ပုသိမ်ကြီးကြားက ဖယောင်းတောင်မှာ PDF တွေကို ရှာဖွေနေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ဇီးဖြူပင်ရွာ #နေအိမ်မီးရှို့ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ