မေမြို့ တန်ဆောင်တိုင်ပွဲကို စစ်အုပ်စုက ကြီးကျယ် စည်ကားအောင် လုပ်ဖို့ ကြိုးစား၊၊ မီးပုံးပျံ ပြိုင်ပွဲဝင်ဖို့ မြို့ခံအသင်းတွေကို ကြိုတင်ပြင်ဆင်ခိုင်းနေသလို ဓာတ်ပုံသမားတွေပါ ဖိတ်မယ်လို့ဆို၊

မေမြို့ တန်ဆောင်တိုင်ပွဲကို စစ်အုပ်စုက ကြီးကျယ် စည်ကားအောင် လုပ်ဖို့ ကြိုးစား၊၊ မီးပုံးပျံ ပြိုင်ပွဲဝင်ဖို့ မြို့ခံအသင်းတွေကို ကြိုတင်ပြင်ဆင်ခိုင်းနေသလို ဓာတ်ပုံသမားတွေပါ ဖိတ်မယ်လို့ဆို၊

MFP ၊ စက်တင်ဘာ - ၂၇

ကိုဗစ်ရောဂါ ကူးစက်မှုနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မတည်ငြိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ မေမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲကို ယခုနှစ်မှာ စစ်အုပ်စုက ကြီးကြီးကျယ်ကျယ် စည်ကားအောင် လုပ်မယ်လို့ သတင်းဖြန့်ထားကြောင့် မြို့ခံတွေက MFP ကို ပြောပါတယ်။

မေမြို့၊ မဟာအံ့ထူးကံသာ (ပြည်ချစ်) ဘုရားအနီးက မီးပုံးပျံကွင်းမှာ လာမယ့် နိုဝင်ဘာ (၄) ရက်ကနေ (၈) ရက်အထိ စစ်အုပ်စုက မေမြို့တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပြီး စည်ကားအောင် ကြီးကြီးကျယ်ကျယ် လုပ်မယ်လို့လည်း သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။

“ အခုက မေမြို့နဲ့ နောင်ချိုကြားမှာ တိုက်ပွဲတွေက ဖြစ်နေတာ၊ ဒါကြောင့် မင်းအောင်လှိုင်တောင် မေမြို့ကို လာဖို့ အစီအစဉ် ဖျက်လိုက်ရတယ်လို့ မီဒီယာတွေမှာ ရေးထားကြတယ်၊ ဒါကို ဒီပွဲဖြစ်အောင် လုပ်မယ်ဆိုရင်တော့ စီစဉ်သူတွေနဲ့ ပါဝင်သူတွေရဲ့ စိတ်ကို ခန့်မှန်းလို့ရနေပြီ။ သူတို့ လုပ်ချင်ရာကို ဇွတ်လုပ်မယ့် သဘောပဲ“ လို့ မေမြို့ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မေမြို့ တန်ဆောင်တိုင်ပွဲရဲ့ ထုံးစံအတိုင်း မီးပုံးပျံပြိုင်ပွဲ ထည့်သွင်းမှာ ဖြစ်ပြီး နေ့ပိုင်းအလှလွှတ် ပြိုင်ပွဲသာမက ညပိုင်း ပြိုင်ပွဲတွေလည်း ပါဝင်မှာ ဖြစ်ကြောင်း၊ လက်ရှိမှာ စစ်ကောင်စီ သစ္စာခံ ပွဲကျင်းပရေးကော်မတီက စကစ အုပ်ကြီးတွေကတဆင့် ပြိုင်ပွဲဝင်မယ့် အသင်းတွေကို စတင်ပြင်ဆင်ခိုင်းနေပြီ ဖြစ်သလို မန္တလေးက ဓာတ်ပုံအသင်းတွေ အပါအဝင် ဓာတ်ပုံသမားတွေကိုလည်း ဖိတ်ပြီး ပြိုင်ပွဲ ဝင်ခိုင်းမယ်လို့ သတင်း ထွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မေမြို့ တန်ဆောင်တိုင်ပွဲမှာ ဇာတ်ပွဲတွေကိုပါ ထည့်သွင်းဖို့ စီစဉ်နေတယ်လို့လည်း သတင်းကြားကြောင်း မြို့ခံတွေက ဆိုပါတယ်။

စစ်အုပ်စုက မေမြို့ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့ စီစဉ်နေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မေမြို့နှင့် နောင်ချိုအစပ်က ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး နှင့် စစ်အုပ်စုကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စကစတွေ မြေပြင်မှာ အထိနာလို့ ရဟတ်ယာဉ်တွေ အသုံးပြုကာ တိုက်ခိုက်ခဲ့ရပါသေးတယ်။ လက်ရှိမှာလည်း မေမြို့နှင့် နောင်ချိုအစပ်က ရွာတွေထဲ စစ်အုပ်စုက အင်အား ထောင်ဂဏန်းနဲ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ စစ်ပြေးနေရပါတယ်။

၂၀၁၉ က ကျင်းပခဲ့တဲ့ မေမြို့ တန်ဆောင်တိုင်ပွဲ/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့မီးပုံးပျံပွဲ #တန်ဆောင်တိုင်ပွဲ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ