မန္တလေး တက္ကသိုလ်ကို စစ်အုပ်စုက အင်အားရာချီနဲ့ စီးနင်းပိတ်ဆို့ပြီး CDM ဝန်ထမ်းတွေကို ပိုက်စိပ်တိုက် ဖမ်းဆီး၊သားသမီးမတွေ့ မိဘကိုဖမ်း၊

မန္တလေး တက္ကသိုလ်ကို စစ်အုပ်စုက အင်အားရာချီနဲ့ စီးနင်းပိတ်ဆို့ပြီး CDM ဝန်ထမ်းတွေကို ပိုက်စိပ်တိုက် ဖမ်းဆီး၊သားသမီးမတွေ့ မိဘကိုဖမ်း၊

မိဘမတွေ့ ကလေးတွေကို ဖမ်းရာ သက်ကြီးပိုင်းနှင့် ကလေးတွေ အပါအဝင် ပညာရေး ဝန်ထမ်း (၃၀)နီးပါး ဖမ်းဆီးခံရ၊

MFP ၊ သြဂုတ် - ၂၇

မန္တလေးမြို့၊ မန္တလေး တက္ကသိုလ်ကြီးကို အာဏာသိမ်း စစ်အုပ်စုက ဒီနေ့ နေ့လည်ပိုင်းမှာ အင်အား (၁၀၀)နီးပါးနဲ့ စီးနင်းပိတ်ဆို့ပြီး CDM ဝန်ထမ်း မိသားစုတွေကို ဖမ်းဆီးခဲ့ရာ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ အပါအဝင် ပညာရေးဝန်ထမ်း (၃၀)နီးပါး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ သြဂုတ်(၂၇)ရက်မှာ စစ်အုပ်စုက မန္တလေး တက္ကသိုလ် တစ်ခုလုံးကို ပိတ်ဆို့ စီးနင်းခဲ့ပြီး တက္ကသိုလ်ထဲမှာ နေထိုင်တဲ့ CDM ဝန်ထမ်း မိသားစုတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“မိန်းထဲတင် မကဘူး။ မိန်းပတ်ပတ်လည် အကုန်ပိတ်ထားတာ။ အဝင် မရဘူး။ အထွက်တော့ ထွက်လို့ရတယ်။ အချုပ်ကားတွေရော၊ ရဲကားတွေရော တရားခံ ဖမ်းသလိုကို ထင်သလို ဖမ်းနေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေး တက္ကသိုလ်ဝင်းထဲမှာ နေထိုင်တဲ့ CDM ပါမောက္ခနှင့် တက္ကသိုလ် ဝန်ထမ်းတွေ၊ အခြေခံပညာအဆင့် ဆရာ၊ဆရာမတွေ အပါအဝင် ကန်တော့ခံအရွယ် သက်ကြီးပိုင်း ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးခံရပြီး စုစုပေါင်း ဖမ်းဆီးခံရသူ (၃၀)ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

“CDM ဝန်ထမ်းတွေရဲ့ အခန်းတံခါးတွေကို ခေါက်ပြီး သားသမီး မတွေ့ရင် မိဘကိုဖမ်း၊ မိဘကို မတွေ့ရင် ကလေးတွေကို ဖမ်း။ အကုန်ဖမ်းပြီး အချုပ်ကားပေါ် တင်သွားတယ်တဲ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဘိုးအဘွား အရွယ်တွေ အပါအဝင် မန္တလေး တက္ကသိုလ်ထဲက ဖမ်းဆီးလာသူ (၁၀)ဦးထက်မနည်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းထဲ ခေါ်သွားပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက်နှင့် အသေးစိတ် အြခေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ရာထူးယူထားတဲ့ ဒေါက်တာ တင်ထွန်း ဆိုသူနှင့် စစ်အုပ်စု ပေါင်းပြီး တက္ကသိုလ်ဝင်းထဲမှာ နေထိုင်တဲ့ CDM ပညာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်က CDM ဝန်ထမ်းတွေကို လိုက်လံ ဖမ်းဆီးနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ရတနာပုံတက္ကသိုလ် CDM ပါမောက္ခနှင့် ပညာရေးဝန်ထမ်းတချို့ ဖမ်းဆီးခံခဲ့ရသလို အခြားသော ဌာနတွေက CDM ဝန်ထမ်းတွေလည်း ဖမ်းဆီးခံနေရတယ်လို့ သတင်းရရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေး တက္ကသိုလ်ကြီးထဲ စစ်အုပ်စု စီးနင်းအထိုင်ချနေစဉ်/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးတက္ကသိုလ် #CDM #ပါမောက္ခ #ဆရာ #ဆရာမ #ပညာရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ