ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းတွေ (၂၄)ဦး အဖမ်းခံထားရ၊ ငွေနဲ့ ပြန်ရွေးခိုင်းနေဟုဆို

ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းတွေ (၂၄)ဦး အဖမ်းခံထားရ၊ ငွေနဲ့ ပြန်ရွေးခိုင်းနေဟုဆို

MFP ၊ ဩဂုတ် - ၇

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းအချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စက်ရုံ ဝန်ထမ်းအိမ်ယာထဲမှာ CDM ဝန်ထမ်း (၇၅)ဦး ရှိတဲ့အနက် ဇူလိုင်လ(၃၀)ရက်က စက်ရုံကို စီးနင်းရှာဖွေရာမှာ CDM ပြုလုပ်ထားတဲ့ အမျိုးသား (၁၃)ဦးနဲ့ အမျိုးသမီး (၁၁)ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

“ စက်ရုံမှူးက တိုင်တာလို့ သိရတယ်။ အခု ဖမ်းခံထားရတဲ့သူတွေကို သိန်းဆယ်ဂဏာန်းနဲ့ လာရွေးဖို့ ပြောနေတယ် “ လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောဆိုပါတယ်။

ပလိပ်စက္ကူစက်ရုံဟာ ၂၀၁၃ ခုနှစ်ခန့်ကစလို့ ကုမ္ပဏီနဲ့ အစိုးရ အကျိုးတူလုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး စက်ရုံဝန်ထမ်းပေါင်း (၃၀၀)ခန့်ရှိတဲ့အနက် (၇၅) ဦးဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး ကုမ္ပဏီဘက်က နားလည်မှုနဲ့ ဝန်ထမ်းအိမ်ယာမှာ ဆက်လက်နေထိုင်စေခဲ့တာလို့ ပလိပ်ဒေသခံအချို့ဆီက သိရပါတယ်။

အဖမ်းမခံရတဲ့ CDM ဝန်ထမ်းတွေဟာလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ထပ်မံသိရှိရပါတယ်။

စဉ့်ကိုင်မြို့နယ်ထဲမှာ စစ်အုပ်စုတွေဟာ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ၊ စက်ရုံရှေ့တွင် တွေ့ရသည့် စက်ရုံမှူး/ ဓာတ်ပုံ - ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကိုင် #ပလိပ်စက္ကူစက်ရုံ #CDMဝန်ထမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ