မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို NUG က အကွက်ရိုက် ရောင်းချမယ့် နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ် မကြာမီ စတင်မည်၊

မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို NUG က အကွက်ရိုက် ရောင်းချမယ့် နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ် မကြာမီ စတင်မည်၊

MFP ၊ စက်တင်ဘာ - ၁၀

မန္တလေးတိုင်း အတွင်းက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို အကွက်ရိုက်ကာ လေလံတင် ရောင်းချပြီး နွေဦးတော်လှန်ရေးမှာ အသုံးပြုနိုင်ဖို့ ရန်ပုံငွေ ရှာဖွေတဲ့ နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Spring Mandalay Investment) ကို မကြာမီ စတင်တော့မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

မန္တလေးက စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို အကွက်ရိုက်ပြီး ရောင်းချတော့မယ်လို့ ဆိုပေမယ့် ဘယ်မြေကွက်တွေလဲ ဆိုတာကိုတော့ NUG က အတိအကျ မထုတ်ပြန်သေးပါဘူး။

“"ပြည်တော်ဝင်" အောင်အတိတ်၊ အောင်နိမိတ်နဲ့ ကျနော်တို့အားလုံး အစွမ်းကုန် အားထုတ်ရင်း အကြမ်းဖက် စစ်အာဏာရှင်ကို နိဂုံးချုပ် ပေးလိုက်ကြရအောင်ပါ “ လို့ NUG စီမံကိန်း၊ ဘဏာရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်ကတစ်ဆင့် အသိပေးပါတယ်။

လက်ရှိမှာ NUG အနေနဲ့ အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် အကြမ်းဖက် စစ်ခေါင်းဆောင်တွေ မတရား ရယူသိမ်းပိုက်ထားတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု အိမ် ခြံ မြေတွေကို ကြိုတင်ရောင်းချတဲ့ အစီအစဉ် အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ကို မေလအတွင်းက စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီ EOD အစီအစဉ်နဲ့ ရန်ကုန်မြို့လယ်က မင်းအောင်လှိုင်ရဲ့နေအိမ် (၁၄) အင်းလျား၊ [email protected] Mile တို့ကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီး တတိယ ပရောဂျက်အဖြစ် နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Spring Yangon Investment)ကို ဩဂုတ်(၁၈)ရက်မှာ စတင်နေတာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ ရန်ကုန်စည်ပင် နယ်နိမိတ်ထဲက အချက်အခြာကျတဲ့ ဧကထောင်နဲ့ချီတဲ့ မြေနေရာတွေ ပါဝင်ပြီး စိမ်းလန်းနယ်မြေနဲ့ နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ၊ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများနဲ့ စီးပွါးရေးဆိုင်ရာ စီမံကိန်းများဆိုပြီး အပိုင်း သုံးပိုင်း ပါဝင်ပါတယ်။

မန္တလေးမှာလုပ်မယ့် နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (Spring Mandalay Investment)ကိုတော့ ဘယ်လို အစီအစဉ်တွေနဲ့ လုပ်ဆောင်မယ်ဆိုတာ အသေးစိတ် မထုတ်ပြန်သေးပါဘူး။

ဒီအစီအစဉ်ဟာ စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေ အခက်တွေ့စေမယ့် အခြေအနေဖြစ်တယ်လို့ မန္တလေးမြို့ခံ လုပ်ငန်းရှင်တစ်ယောက်က သူ့အမြင်ကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ကြံ့ဖွံ့အစိုးရ သက်တမ်းကုန်ချိန်အထိ ခေတ်အဆက်ဆက်မှာ စစ်အုပ်စု၊ မန္တလေးစည်ပင်နှင့် ခရိုနီတွေ ပူးပေါင်းပြီး မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲက ပြည်သူပိုင် မြေတွေကို ထင်တိုင်းကျဲ သိမ်းယူထားခဲ့ကြတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #SpringMandalayInvestment 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ