မြင်းခြံမြို့ မြို့မဈေးကြီးအနီးက ဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာကျော် ပါသွား၊

မြင်းခြံမြို့ မြို့မဈေးကြီးအနီးက ဝိန့်ဆန်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာကျော် ပါသွား၊

MFP ၊ သြဂုတ် - ၂၈

မန္တလေးတိုင်း မြင်းခြံမြို့ မြို့မဈေးကြီးရဲ့ တောင်ဘက်က ဝိန့်ဆန်းရွှေဆိုင် ဒိနေ့ မနက်ပိုင်းမှာ ဓားပြတိုက်ခံရပြီး ရွှေတစ်ပိဿာကျော် ပါသွားတယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့ သြဂုတ်(၂၈)ရက် မနက်(၁၂)နာရီဝန်းကျင်မှာ ဝိန့်ဆန်းရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားလေးဦးက ဆိုင်ထဲဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ကာ လက်ဝတ်ရတနာမျိုးစုံ (ရွှေတစ်ပိဿာကျော်) ဓါးပြတိုက်လုယက်သွားတာလို့ စစ်အုပ်စုက ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ဟာ မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့မဈေးကြီးရဲ့ တောင်ဘက်မှာ ရှိပြီး လူစည်ကားတဲ့ နေရာမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်တာ ဖြစ်ပါတယ်။

မြင်းခြံမြို့မှာ စစ်အုပ်စုနှင့် စစ်အုပ်စု လက်ပါးစေ ပျူတွေ ကြီးစိုးသောင်းကျန်းနေတာကြောင့် ယခု ဓားပြမှုဟာ စစ်အုပ်စုရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

“မြင်းခြံမြို့‌ပေါ်မှာ အခြေချနေတဲ့ ပြောက်ကျားအဖွဲ့တွေ မရှိတာမို့ လက်နက်ကိုင် ပျူတွေဖြစ်နိုင်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရား လည်ပတ်နိုင်ခြင်း မရှိတာမို့ တွေ့ရာလူ စွပ်စွဲဖမ်းဆီးတာတွေ ရှိနိုင်တဲ့အတွက် မြင်းခြံမြို့မှ ပြည်သူများ အသွားအလာ သတိရှိကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

မြင်းခြံမြို့ခံ မဟုတ်ဘဲ တခြားမြို့က စီးပွားရေး လာရောက်လုပ်ကိုင်တဲ့ ရွှေဆိုင်ကို ဓားပြတိုက်ခံရတာဖြစ်ပြီး စစ်အုပ်စုရဲ့ လက်ချက်ပဲ ဖြစ်မယ်လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

“ပျူတွေကြီးစိုးတဲ့ မြို့ဆိုတာ အကုန်သိနေတာ။ အခုလုပ်တာလည်း ပျူနဲ့ စစ်ခွေးတွေပါပဲ။ မြို့ခံသူဌေးတွေက ဒေါ်သီတာယုမွန် ကို လာဘ်ထိုးထားတော့ ဝိန့်ဆန်းလို့ တခြားမြို့က စီးပွားလာလုပ်တဲ့ သူ(ရဲ့)့ဆိုင်ပဲ တိုက်ရဲတာ။ နေသာသလို နေနေကြတဲ့ သူဌေးတွေ ကို သွားတိုက်တဲ့ အသံပါ ကြားချင်တာ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ဓားပြတိုက်ခံရပြီး ပါသွားတဲ့ ပစ္စည်းတန်ဘိုးနှင့် အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲ ဓားပြတိုက်မှု၊ လုယက်မှု၊ အနုကြမ်းစီးမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ရွှေဆိုင် #ဓားပြတိုက် #စကစ #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ