မြိုင်နယ် အနောက်ခြမ်းမှာ MVRF နှင့် စစ်အုပ်စု သုံးရက်ဆက် တိုက်ပွဲဖြစ်နေ၊ စစ်အုပ်စုဘက်က ဗျူးဟာမှူးနှင့် ဆေးမှူးတစ်ဦး ထိခိုက်ထားဟုဆို၊

မြိုင်နယ် အနောက်ခြမ်းမှာ MVRF နှင့် စစ်အုပ်စု သုံးရက်ဆက် တိုက်ပွဲဖြစ်နေ၊ စစ်အုပ်စုဘက်က ဗျူးဟာမှူးနှင့် ဆေးမှူးတစ်ဦး ထိခိုက်ထားဟုဆို၊

MFP၊ စက်တင်ဘာ - ၁

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ခြမ်းမှာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အင်အား(၁၀၀)ကျော်ပါ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်တွေ သုံးရက်ဆက် တိုက်ပွဲ ဖြစ်နေပြီး စစ်အုပ်စုဘက်က ဗျူဟာမှူါ်နှင့် ဆေးမှူးဆိုသူတို့ ထိခိုက် ဒဏ်ရာရတယ်လို မြိုင်မြို နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး - MVRF က MFP ကို ပြောပါတယ်။

မြိုင် - ဗဟင်းလမ်းမကြီးရဲ့ အနီးဝန်းကျင်က ဂျုတ်ကုန်း၊ သင်းမ စတဲ့ ကျေးရွာတွေအနီးမှာ သြဂုတ်(၃၀)ရက်ကနေ ဒီနေ့ စက်တင်ဘာ(၁)ရက်အထိ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

မနေ့ သြဂုတ်(၃၁)ရက် နေ့လယ်ပိုင်းက မြိုင်-ဗဟင်းလမ်း သင်းမရွာအနီး လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို MVRF နဲ့ ဒေသ ကာကွယ်ရေး တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဗျူဟာမှူးဆိုသူနှင့် ဆေးမှူးတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို MVRF တပ်ဖွဲ့ အတွင်းရေးမှူး ရဲဘော်ကိုတင့်က MFP ကို ပြောပါတယ်။

"ဓားစာခံ အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ပြည်သူတွေထံက ပြန်ကြားရတဲ့ အနေအထားပါ။ ဗျူဟာမှူးနဲ့ ဆေးမှူး ထိခိုက်ထားတယ်ဆိုတဲ့ အပေါ်မှာတော့ ကျနော်တို သီးခြား အတည်မပြုနိုင်သေးပါဘူး"လို့ ရဲဘော်ကိုတင့်က ဆိုပါတယ်။

မြိုင်နယ် အနောက်ခြမ်းက ရွာတွေဘက် ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ သြဂုတ်(၂၂)ရက်က သဒွတ်ကျေးရွာဘက်ကို ရဟတ်ယာဉ်နဲ့ လာချသွားတာ ဖြစ်ပြီး အဲ့ဒီ အင်အား (၁၀၀)ကျော်ပါ စစ်အုပ်စုဟာ သဒွတ်ကနေ မြိုင်အနောက်ဘက်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းတာ၊ ပြည်သူတွေကို ဖမ်းဆီး သ-တ်-ဖြတ်တာ တွေအပြင် ရာချီတဲ့ နေအိမ်တွေကို မီးရှိဖျက်ဆီးထားတယ်လို ရဲဘော်ကိုတင့်က ရှင်းပြပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ်အနောက်ခြမ်းက ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းရာမှာ ဒေသခံပြည်သူ (၁၅)ဦး ထက်မနည်းကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး အချိုကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးခံရတဲ့ ပြည်သူအများစု ပြန်မလွတ်သေးဘူးလို MVRF က ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဒီမနက် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဂျုတ်ကုန်းရွာကနေ ဗဟင်းလမ်းမကြီးရဲ့တောင်ဘက်ထဲ ဆက်ထွက်မယ့် အခြေအနေရှိပြီး ယာကြီးပြင် ကျေးရွာဘက် ဦးတည်နိုင်ခြေရှိတာကြောင့် ဒေသခံပြည်သူတွေ သတိထား သွားလာနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက သတိပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #MVRF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ